မိတ်ဆွေအပေါင်း နေတွေ ကောင်းကြပါစ။
အာရောဂျံအရ ပြည့်ဝကြပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
သားမောင်တော့ ယနေ့အတွက် မင်္ဂလာသတင်းတွေ တက်နေ၏။
အိမ်အပြန်မှာ အလျှုလုပ်ချင်သည့်ဆန္ဒအား ဂျပန်ဘုရား စာရေးတံအရ
ငွေသားထောက်ပံ့မှု ရလိုက်သည် မဟုတ်လား။
အခြားတစ်ဘက်မှာ မင်္ဂလာသတင်းလဲ ကြားထားသေးသည်ပေါ့။
ထိုသည့်အတွက် ယနေ့စိတ်ချမ်းသာမှု ပြည့်ဝနေပါသည်။
ယနေ့ ရန်ကုန်မြို့မှာ သံဃာ့အစည်းအဝေးကြီး စတင်ကျင်းပသည်။
နိုင်ငံတော်သံဃမဟာနာယက ကိုယ်တော်များ ၄၇ ပါးစုံညီအစည်းအဝေးကြီးပေါ့။
အစည်းအဝေးအဖွင့်မှာ ဥက္ကဌဆရာတော်ကြီးက အချို့သော ရှင်၊ရဟန်းများ မသင့်လျော်သည့် ကိစ္စများ ပြုမူနေသည်လို့ မိန့်ကြား၏။
သာသနာညှိုးနွမ်းစေမည့်ကိစ္စများ ပြုလုပ်နေကြသည်လို့လဲ မိန့်သေးသလား။
စည်းကမ်းချက်များနှင့်အညီ ကျင့်သုံးပါမည့်အကြောင်းမိန့်ကြားပြန်၏။
ဝန်မင်းကြီးကလည်း သံဃနာယကမှ ထုတ်ပြန်တားမြစ်ပေးပါရန် လျောက်ထားတောင်းပန်ပြန်သေးသည်ပေါ့။
ငှက်တွေကတော့ မဘသကို လက်ညှိုးထိုးပြီး ပျော်ပြကြသည်။
သံဃနာယကအဖွဲ့အား စိန်ခေါ်ထိုးမည်ဆိုတာကျ သူတို့အသံမထွက်ကြပါ။ သိမှတ်ကြမည် ထင်ပါသည်လေ။
လက်ထက်တော်ကြီးမှာ တိုးတက်မှုတွေအရ မနည်းမနော ကြုံကြရ၏။
ပြည်သူနှင့်အတူဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူနှင့်တသားတည်း ဆိုသလိုရပ်တည်တာကတော့ အတိုးတက်ဆုံးပေါ့။
ပြည်သူ့ဘဏ္ဍာ တို့တိုးရှာဆိုသည့်ဆောင်ပုဒ်နှင့်အတွဲမှာ သားတို့တွေ ဖွာနေအောင် အခွန်ကောက်ခံတာ ခံကြရသည်။
လေခွန်ပါ ဆောင်နေရာက ယခုတစ်ဖန် အိမ်ရှိပစ္စည်းကိုပါ အခွန်ကောက်မည်လို့ အသံထွက်လာပြန်သလား။
သတင်းအရင်းအမြစ်အရ တိကျမှုအားနည်းသော်ငြား အခွန်ကိစ္စဆိုတော့ မဟုတ်ဘူးလို့ တပ်အပ်မပြောနိုင်ဘူးပေါ့။
အခွန်ငွေဖြင့် တိုင်းပြည်ကြီးကို လည်ပတ်ရတာ သားတို့နားလည်ပါ၏။
အခွန်ငွေအရ ကောက်ခံတာများတာကလည်း သားတို့အတွက် မဂွတ်ဘူးဆိုတာ သိစေလိုပါသည်လေ။
လက်ထက်တော်ကြီးမှာ တဟုန်ထိုးဆိုသလို တိုးတက်သည့်အထဲမှာ စိတ်ပျက်စရာတွေလည်း ပါသေး၏။
သက်ငယ်မုဒိမ်းမှုအရ အခုလတ်တလောကာလမှာတင် မနည်းလှဘူးမဟုတ်လား။
အချို့က မုဒိမ်းကျင့်ယုံသာမက အသက်ပါ သတ်လိုက်သေးသည်။
ထိုနှယ်သော လူမဟုတ်သူများအား အပြစ်ဒဏ်ပေးရာမှာ ပြင်းပြင်းထန်ထန်ဆိုသလို အရေးယူကြစေလိုတာအတော်များသည်ပေါ့။
ယခုအခါ 4 women voice အမည်ရ အမတော်များအဖွဲ့က သေဒဏ်ချမှတ်ရေး လက်မှတ်တွေ လိုက်လံကောက်ခံနေ၏။
ရန်ကုန်သာမက အချို့မြို့တွေမှာလည်း လက်မှတ်တွေ ကောက်ခံနေသည်ပေါ့။
ကလေးသူငယ်များ အနာဂတ်အတွက် သာမက မြန်မာအတွက်ပါ လက်မှတ်လေးတွေ ထိုးပေးလိုက်ကြစေလိုပါသည်။
လွှတ်တော်ရပ်ကွက်မှာ ယနေ့လည်း အသံထွက်လာတာ ကြားမိသည်။
ရခိုင်ဒေသမှ အမတ်မင်းက ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးသာမက လုံခြုံသော လူမှုဘ၀ရရှိရေး အစိုးရကို တိုက်တွန်းသည်ပေါ့။
ထိုသည့်အဆိုမှာ ပွင့်လင်းမြင်သာစွာချမှတ်၍ ဆိုတာလည်း ပါသေး၏။
အစဉ်အလာအရ မဲခွဲဆုံးဖြတ်ချက်ချတော့ ကန့်ကွက်သူများ၍ မှတ်တမ်းအဖြစ်သာ ၀င်သွားပါသည်။
ဝန်မင်းကတော့ UEHRD ဆိုတာ ပြည်ထောင်စုအဆင့်ဖွဲ့ထားပြီး
ရခိုင်အရေးဦးစားပေးနေတာကြောင့်လို့ ဖြေရှင်းပြသည်ပေါ့။
ဆောင်ရွက်နေသည့်ကိစ္စဖြစ်သည့်အတွက် မှတ်တမ်းအဖြစ်သာ ထိန်းသိမ်းလိုက်သည်လို့ အတိုဆိုကြပါစို့။
ပွင့်လင်းမြင်သာစွာချမှတ်၍ဆိုတာအား စိတ်နာလေသလား မပြောတတ်ပါ။ သဘောပါကြသည် မဟုတ်လား။
ပြည်သူအတွက် ပေါ်ထွက်လာသည်ဆိုသည့် ၀န်မင်းချုပ်ကြီးတိုင်း
လွှတ်တော်ရပ်ကွက်မှာ အသံထွက်လာတာလည်း ကြား၏။
စီမံကိန်းများလုပ်ဆောင်ရာမှာ လွှတ်တော်သဘောတူညီချက် မယူဘူးလို့ အမတ်မင်းတစ်ယောက်က ထ တီးသည်ပေါ့။
လွှတ်တော်မှာ တင်ပြဆောင်ရွက်ရန် အစီအစဉ် ရှိ၊မရှိဆိုသည့် မေးခွန်းကြီးနဲ့ တည့်ကြီးတီးတာကျ အားနာဖို့ကောင်းပါသည်။
လာဖြေသည့် ၀န်မင်းကတော့ ပြည်သူ့အသံယူပြီး ပြည်သူ့ဆန္ဒအရ ဆောင်ရွက်နေပါသည်လို့ ဆင်ဝှေ့ရန်ရှောင်ဖြေ၏။
သူပေးသည့်အဖြေမှာ လွှတ်တော်ကို တင်ပြပါမည်လို့ မပါပါ။
မလိုအပ်ဘူးလို့များ တွက်ထားလေသလား။
သူ့အရပ်နဲ့ သူ့ဇာတ်အရတော့ ကိုက်နေပါသည်။
မလိုတော့ဘူးဆိုလျင်လည်း ထားမနေပါနဲ့လို့သာ ပြောလိုပါသည်လေ။
မန်းတိုင်းမှာ အသံတွေ ထွက်လာပြန်သေးသလား။
လက်ထက်တော်ကြီးမှာ စကားလုံးအသစ်အဆန်းတွေ အတော်ကြားခွင့်ရသည်။
အနည်းဆုံးအဆင့် ၀တ္ထုရေးရန် ကုန်ကြမ်းများ စုနေသလားထင်ရ၏။
ယခုတစ်ခါ မန်းတိုင်းဝန်မင်းချုပ်က မီဒီယာများကိုပြောတာကျ စတိုင်တစ်မျိုးလှနေပြန်သည်ပေါ့။
အစိုးရမင်းများမှာ မီးခွက်စောင့်နတ်မဟုတ်ပါလို့ သူ့အပြောအား သားကတော့ သိပ်သဘောကျပါသည်။
၂ နှစ်သားအစိုးရအား စိတ်တိုင်းမကျခြင်းသည် လိုအပ်တာထက် လောဘကြီးသောစိတ်ကူးပါလို့လည်း ဆိုသေး၏။
တောင့်တတိုင်းရမည်မထင်နဲ့ ဆိုသည့်စကားမှာ အတော်အားပါသလား။
လက်ထက်တော်ကြီးမှာ ဘာပဲဖြစ်ဖြစ် စကားအသစ်အဆန်းကြားရတာ
နဲ့တင် အတော်တန်ပါသည်လို့ ယူဆကြပါစို့။
တလောလေးက မန်းဌာနေမှာ ကျောင်းသားလေးဆိုသူတွေ ဆန္ဒပြကြတာ မှတ်မိကြသည်မဟုတ်လား။
တောင်းဆိုချက်အရ ပညာရေးအသုံးစရိတ်အား တိုးမြှင့်ပေးပါလို့ တောင်းဆိုခဲ့ကြသည်လေ။
အချို့ကျောင်းသားများဆို အသုံးစရိတ်တိုးမြှင့်ရေးအတွက် ပါချုပ်ဆီကတောင် ငွေ ၃ သိန်းတောင်းလိုက်သေး၏။
ထိုကျောင်းသားများဖြိုခွဲခံရအပြီး သမဂ္ဂပေါင်း ၈၄၀၀၀ ခန့်မှာ အပြန်အလှန် အပြစ်တင် ထုတ်ပယ်ကြသေးသည်။
ထိုဆရာသမားများက ပညာရေးစရိတ်တိုးပေးရေး အခြားနည်းလမ်းအဖြစ် လက်မှတ်တွေ ကောက်ကြဦးမည်ပေါ့။
နယ်ပယ်စုံမှ လူတန်းစားအစုံအား ကောက်ခံသွားမည်ဖြစ်ပြီး လူစည်ကားသည့်နေရာများမှ ကောက်ခံမည်ဖြစ်၏။
ဤကိစ္စအတွက် သားမှတ်ချက်ဝင်မပေးလိုပါ။
တစ်နေ့တာသတင်းများ ရပ်နားပါတော့မည်။
နောက်တစ်နေ့မှာ ပြန်ဆုံကြပါစို့။
အခုညတော့ နုတ်ဆက်လိုက်ပါသည်။
ကျေးဇူးတင်ပါသည်။