အခြေခံ အီလက်ထရောနစ်
SIMPLE REGULATOR CIRCUIT ( ရီဂူလေတာဆာ့ကစ် )
တစ်ခေတ်တစ်ခါက ကျွန်တော်အသုံးပြုခဲ့ဖူးတဲ့ ပွဲတွေ့ ဆာ့ကစ်လေးပါခင်ဗျ ။
Simple ဆိုသည့်အတိုင်း ရိုးရှင်းပြီး တည်ဆောက်ရတာလွယ်ကူတယ် / အသုံးပြုထားသည့် ပစ္စည်းများဟာလည်း အလွယ်တကူဝယ်လို့ ရနိုင်တာကြောင့် မှတ်တမ်းတင်ထားအပ်တဲ့ ဆာ့ကစ်လေးဆိုလည်း မမှားပါဘူး ။
ကျွန်တော် ပညာသင်စဉ်အချိန်က အဝေးပြေးကားကြီးတွေမှာ TV ' VCD စက်တွေ စတင်တပ်ဆင်လာကြတဲ့အခါပဲဖြစ်ပါတယ် ။
နောက်တစ်ခါ အသံချဲ့စက်တွေ ' ကက်ဆက်တွေလည်း မူလက ပါလာတဲ့ စက်တွေပျက်ပြီး ပြင်မရတော့ စက်အသစ်တွေ အစားထိုး တပ်လာကြပါတယ် ။
ခက်တာက အဲ့သည့်ကားကြီးတွေဟာ ၁၂ ဗို့ ဘက်ထရီ ၂ လုံးတပ်ရတဲ့ ၂၄ ဗို့သုံး ကားကြီးတွေဖြစ်နေပါတယ် ။
ဝယ်လို့ရတာက ၁၂ ဗို့သုံးတွေ ဖြစ်နေတော့ အဆင်မပြေပါဘူး ။
ဘက်ထရီတစ်လုံးထဲကနေ ယူသုံးမယ် ဆိုပြန်တော့လည်း ကားက လီဗာတင်လိုက်သည့်အခါ ချာဂျင် ဗို့က တက်လာပြီး ဗို့ ထောင်တက်လာပါတယ် ။ နောက်တစ်ခါ AC ကားရင့်ပါ ရောပါလာလို့ စက်တွေ လောင်ကုန်ပြန်ပါတယ် ။ စပီကာအသံထွက်မှာလည်း လီဗာသံတွေ ဟွန်းတီးလိုက်တဲ့ အသံတွေပါ ရောပါလာကုန်ပါတယ် ။
ဒါကို ဖြေရှင်းဘို့ ရီဂူလေတာ IC = LA 7812 ကို ကြားခံကြည့်ပါတယ် ။ အဆင်မပြေပါဘူး ။ IC က 1 အင်ပီယာလောက်ပဲ ခံနိုင်ရည်ရှိတာကြောင့် အလွန်အမင်း ပူလာပြီး လောင်သွားပါတယ် ။
အပူဒဏ်ခံနိုင်အောင်လို့ ကားရဲ့ ဘော်ဒီသံပြားမှာ တပ်ဆင်မယ်ဆိုပြန်တော့လည်း ကားရဲ့ ဘော်ဒီမှာ ဂရောင်းရှိနေပြန်တော့ ကြားခံ လျှပ်ကာခံပြီး တပ်ရပြန်ပါတယ် ။
ဒါလည်း အဆင်မပြေပါဘူး ။
နောက်တော့ ဒီဆာ့ကစ်လေးအတိုင်း H 1061 အစား ပါဝါထရန်စစ္စတာ 2N 3055 နှင့် ရိုးရိုး ဟပ်ဝပ် ရီစစ္စတာ 500 အုမ်း အစား 500 အုမ်း 5 ဝပ် ကျောက်တုံး ရီစစ္စတာတွေကို ပြောင်းလဲတပ်ဆင်ပေးမှ အဆင်ပြေသွားရဖူးပါတယ် ။
ဆာ့ကစ်ပုံစံ ၂ မျိုးကို ဖော်ပြပေးထားပါတယ်
ပုံ ( ၁ )
သူက AC မိန်းထုပ်ရဲ့ အောက်ပွတ် ၁၅ ဗို့ / ၁၈ ဗို့အထွက်ကို DC ၁၂ ဗို့ ရချင်လျှင် အသုံးပြုရမည့် ပတ်လမ်းပါ ။ အထက်ကတင်ပြခဲ့သလို မိမိ အသုံးပြုမည့် စက် ဆာ့ကစ်ပတ်လမ်းက အင်ပီယာ အဆွဲများမည်ဆိုလျှင်တော့ ထရန်စစ္စတာနှင့် ရီစစ္စတာကို ပါဝါကြီးတာ ရီစစ္စတာကို ဝပ်များတာ ပြောင်းလဲ တပ်ဆင်ပေးရမယ်ပေါ့ ။
ပုံ ( ၂ )
သူကတော့ အထက်က တင်ပြထားခဲ့သလို DC 24 ဗို့ ကနေ DC 12 ဗို့ ပြောင်းချင်လျှင် တပ်ဆင်ရမည့်အပိုင်းပဲ ဖြစ်ပါတယ် ။
ယနေ့ခေတ်မှာတော့ LM317 IC ကို အသုံးပြုပြီး လိုအပ်သည့် ဗို့ကို ချိန်ညှိနိုင်သည့် ဆာကစ်ပတ်လမ်းတွေ ရှိနေသော်လည်းပဲ အပိုပစ္စည်းဝယ်ရမလွယ်ကူတဲ့ နယ်က စက်ပြင်ဆရာတွေအတွက် လိုအပ်သည့်အခါမှာ ဒီဆာ့ကစ်ပတ်လမ်းလေးက အထောက်ကူပြုပါလိမ့်မယ် ။
လိုအပ်သည့် ဗို့ကို ရဘို့အတွက် ဇီနာကို ပြောင်းလွဲတပ်ဆင်နိုင်ပါမယ် ။
- 3V လိုချင်လျှင် 3 .3 V ဇီနာ
5 V လိုချင်လျှင် 5 V ဇီနာ
6 V လိုချင်လျှင် 6 V ဇီနာ
စသည့် ပြောင်းလွဲပြီး ရယူနိုင်ပါမယ် ။
ကက်ဆက်ခေတ်က ဓါတ်ခဲ ၂ လုံးသုံး ခရီးဆောင် ကက်ဆက်လေးတွေကို လျှပ်စစ်မီးနှင့် ဖွင့်ချင်တော့ 12 V မိန်းထုတ်နဲ့ ရက်တီဖိုင်ယာဆာကစ်ဆင်ပြီး ဒီဆာ့ကစ်နဲ့ပဲ အဒက်ပတာပုံးလေး တည်ဆောက်ပေးရဖူးပါတယ် ။
လိုအပ်ရင်တော့ စာအုပ်ထဲ ကူးဆွဲထားကြပါ ။
( ကိုဝေ )