❤❤ချစ်ခြင်းကို အမုန်းနှင့် ဆေးခြယ်ခဲ့သော်❤
🎄အပိုင်း ၂🎄
"တောက်"
မင်းဒဿ ဒေါသတကြီး ခေါက်တစ်ချက် ခေါက်လိုက်၏။ စားသောက်ဆိုင်မှ လူတို့က သူ့တို့ကို လှည့်ကြည့်ကြသည်။
သူသည် လဝန်းညို၏ လက်မောင်းနှစ်ဖက်ကို တင်းဆုပ်စွာ ဆုပ်ကိုင်လိုက်သည်။
"နင် ကိုယ့်ကို ဘာလို့ မချစ်ရတာလဲ၊ ကိုယ့်မှာ ဘာ အပြစ်အနာအဆာတွေ ရှိနေလို့လဲ၊ ဘာအားနည်းချက်တွေ ရှိနေလို့လဲ၊ နင် လိုသမျှကို ကိုယ်ပေးနိုင်ပါတယ်၊ ကိုယ် ပိုင်ဆိုင်သမျှ နင်အတွက်ပါ လဝန်း"
လဝန်းညိုသည် သူ၏ ပြောစကားကို ဂရုမစိုက်ပေ။ ပစ္စည်းဥစ္စာသည် သူမအတွက် တကယ်ပင် အရေးမကြီးလှပါ။
" ကိုယ်ဟာ အောင်မြင်နေတဲ့ ဒိတ်ဒိတ်ကျဲ သူဌေးတစ်ယောက်ဖြစ်တယ်၊ စီးပွားရေး လောကမှာ ကိုယ့်ကို ယှဉ်နိုင်တဲ့ မရှိဘူး၊ ကိုယ့်ထက် သာတဲ့လူကို လဝန်း ဘယ်မှာ ရှာတွေ့မှာမို့လဲ"
လဝန်းညို မိမိကိုပင် အပြစ်တင်မိသည်။ သူ့ကို မပြောဘဲ အဖေ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့ရင် ပိုပြီး အဆင်ပြေမည်။ အခု သူ့ကို တောင်ပန်မိတာ အလွန့်ကို မှားသွာပြီ။
" တောင်ပန်ပါတယ် ကိုမင်းဒဿ ၊ လဝန်း လိုချင်တာ ချစ်ခြင်းမေတ္တာပါ၊ အောင်မြင်မှုတွေ၊ ကြွယ်ဝမှုတွေ၊ ကျော်ကြားမှုတွေ မဟုတ်ဘူး၊ တကယ့် အချစ်စစ် အချစ်မှန်ကို လိုချင်တာပါ"
"လဝန်း လိုချင်တဲ့ ချစ်ခြင်းမေတ္တာကို ကိုယ် ပေးနိုင်ပါတယ်၊ ကိုယ့်ကို လက်ထပ်ပါနော်"
သူမ သက်ပြင်းချလိုက်သည်။
" ဒါပေမယ့် လဝန်းမှာ အရမ်းချစ်ရတဲ့ ချစ်သူ ရှိနေပါပြီ၊ လဝန်း သူနဲ့ပဲ လက်ထပ်ချင်တယ်၊ လဝန်းကို ခွင့်ပြုပေးပါနော်"
သူမ အသံကို ဖြည်းညင်းချိုသာအောင် လုပ်ပြောလိုက်၏။
လဝန်းညို ပြောလိုက်သော စကားသံသည် သူ့နားကို အကြိမ်ကြိမ် ရိုက်ခတ်နေသည်။ အလွန် ခါးသီးလှသော သူမအသံ။
သူ့နှလုံးသားသည် ဆို့နင့်နာကျင်၍ လာသည်။ သူမ၏ စကားသံသည် သူ့ရင်ဘတ်ကြီးကို မိုးကြိုးပစ်ခတ်လိုက်သလို နာကျင်စေသည်။ နှလုံးသားတစ်ခုလုံး ကြေမွပျက်စီးသွားသလို နာကျင်ခံစားရစေသည်။
ဦးနောက်မှာ အလုပ်မလုပ်ဘဲ ရပ်တန့်သွားလေပြီ။ တစ်ကိုယ်လုံးလည်း ပူထူသွား၏။
သူ သူမကို စွန့်လွှတ်ရမည်ကို အလွန့်ကို ကြောက်လန့်လာသည်။ မဖြစ်ဘူး........ မဖြစ်ဘူး....... လုံးဝမဖြစ်ဘူး...... ၊ သူ လိုချင်သော အရာကို ရကိုရစေရမည်။ မည်သူမျှ မရစေရ။
" နင် ဘယ်သူ့မှ လက်မထပ်ရဘူး၊ ကိုယ့်ကိုပဲ လက်ထပ်ရမယ်၊ ကိုယ့်က လွဲလို့ နင် ဘယ်သူ့ကိုမျှ လက်မထပ်ရဘူး၊ ကိုယ့်ကိုပဲ လက်ထပ်ရမယ်"
သူ ကြောက်လန့်ဖွယ် အသံဖြင့် သူမကို တွန်းပစ်လိုက်သည်။ သူမသည် နောက်သို့ ဆုပ်သွားသည်။ ခုံများကို ထိတွေ့သွားခြင်းကြောင့် ဆိုင်တစ်ခုလုံး ဆူညံသွားသည်။
လူတို့က သူတို့ကို စူးစမ်းသော မျက်လုံးတို့ဖြင့် ကြည့်ကြသည်။
လဝန်းညိုမှာ ကြောက်လည်း ကြောက်၍၊ ရှက်လည်း ရှက်ရ၏။
....... .....................................................................
"ဖေဖေ........ သမီး၊ သူ့ကို လက်မထပ်နိုင်ဘူး"
လဝန်းညိုသည် မနက်စားရင်း ဦးမင်းနိုင်ကို သူမ မင်းဒဿ ကို လက်မထပ်နိုင်ကြောင်း ပြောသည်။ သူမ တစ်ညလုံး စဉ်းစားပြီးပြီ။ သူ့ကို ဘယ်လို့မှ ခံစား၍ မရပေ။
ဦးမင်းနိုင်သည် ခက်ရင်းကို ချပြီး ဘေးတွင် ချထားသော ရေကို မော့သောက်လိုက်သည်။
"သမီးရေ၊ မောင်မင်းဒဿ ဆိုတာ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ပါ၊ သမီးသာ သူ့ကို လက်ခံလိုက်ရင် သမီး ဘာမှ မပူရတော့ဘူး"
"ဒါပေမယ့် သူက လူနဲ့ မတူဘူး၊ အရမ်းကြမ်းကြုတ်တဲ့ လူတစ်ယောက်၊ ဘီလူးတစ်ကောင်လို၊ သမီး သူ့ကို ကြောက်တယ် ဖေဖေ၊ နောက်ပြီး သမီးမှာ.......... "
ဦးမင်းနိုင် သူမအား လက်ကာပြပြီး ထသည်။ သူ စားသောက်၍ ပြီးပြီ။
" သမီး သေသေချာချာ စဉ်းစားပေါ့၊ သမီးလည်း ပညာတတ်တစ်ယောက်ပဲ အကောင်းဆုံးကို သမီး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ဖေဖေ ယုံကြည်တယ်"
ဦးမင်းနိုင် အခန်းထဲမှ ထွက်သည်။ လဝန်းညို သည် စိတ်ညစ်၍ ကျန်ရစ်ခဲ့သည်။
ခက်ပါပြီလေ။ အဖေက တစ်မျိုး၊ ကိုမင်းဒဿ က တစ်ဖုံ၊ လဝန်း ဘာလုပ်ရမလဲ။ သည်နှစ်ယောက်ကြားမှာ ရူးတော့မှာပဲ။
............................................................................
"လဝန်းညိုရဲ့ ချစ်သူ ဘယ်သူဆိုတာ ရအောင်စုံစမ်းခဲ့၊ သူ့ကို မသိရ မချင်း မင်းပြန်မလာနဲ့၊ ကြားလား"
မင်းဒဿ သည် အတွင်းရေးမှူး မင်သက်တန့်အား လဝန်းညို၏ ချစ်သူ မည်သူ မည်ဝါဆိုတာ စုံစမ်းဖို့ အမိန့်ပေးလေသည်။
မင်သက်တန့်သည် အသက်(၂၅) နှစ် အလွန်ထက်မြက်သော လူငယ်တစ်ဦး ဖြစ်သည်။
သခင်အပေါ် အလွန်သစ္စာ ရှိခြင်းသောကြောင့် မင်းဒဿ . သူ့ကို အလွန် သဘောကျ၏။
မင်သက်တန့်သည် လဝန်းညို၏ ချစ်သူကို စုံစမ်းဖို့ ချက်ချင်း ထွက်သွား၏။
"ဘယ်လိုလဲ လဝန်းရဲ့ ချစ်သူ ဘယ်သူဆိုတာ သိခဲ့ရက်လား"
"ဟုတ်ကဲ့ လဝန်းညိုရဲ့ ချစ်သူနာမည်က မိုးသောက်ကြယ်၊ အသက် (၂၈)နှစ်၊ ရာဝနလုပ်ငန်း ပိုင်ရှင်"
"ရာဝနလုပ်ငန်းစု ပိုင်ရှင်"
မင်းဒဿ ရေရွတ်လိုက်သည်။
မင်းဒဿ . သူ့ကို ကောင်းကောင်းသိတာပေါ့။ မကြာမီက အိမ်ယာမြေ လေလံတင်ပွဲတွင် ဆုံခဲ့ကြသည်။
"အဲ့ဒီ လုပ်ငန်းစုနဲ့ ပတ်သတ်တဲ့ အဆက်အလက်တွေ ဒီတစ်ပတ်အတွက် ရအောင် ရှာပေးစမ်း"
"ဟုတ်ကဲ့....... ရစေရမယ်"
မိုးသောက်ကြယ်....... မိုးသောက်ကြယ်......... ငါဆိုတဲ့ကောင်က ကိုယ်လိုချင်တဲ့အရာကို ရအောင် ယူတတ်တဲ့ အကောင်ကွ။ အဲဒီအရာက တခြားတစ်ယောက်က ပိုင်ဆိုင်ထားပြီးသားဆိုရင်........ ..
စောင့်ကြည့်နေပါ။ လေလံတင်ပွဲမှာ ငါ မင်းကို အနိုင်ရခဲ့သလို ဒီပွဲမှာလည်း မင်း လဝန်းကို လုံးဝမရစေရဘူး။
ဟား.................. ဟား................... ဟား...............
အပိုင်း ၃ ဆက်ရန်........................................................
ရေးသူ ။ ။ မြင့်မိုရ်လင်း