ဗီဒိုထဲက မကောင်းဆိုးဝါး
တစ်ခါက အမှောင်ထုကို အရမ်းကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
မှောင်လာရင် သူ့အခန်းလေးက မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်လာတယ်လို့ ယုံကြည်နေတဲ့ ကလေးငယ်လေးပေါ့။
ညတိုင်း ဘယ်တော့မှ အခန်းမီးမပိတ်ပဲ သူအိပ်တယ်။
ဒါပေမဲ့ တဖြေးဖြေးနဲ့ သူက ညဘက်မီးထွန်းပြီး အိပ်ရမဲ့အရွယ်မဟုတ်တဲ့အချိန်ကို ရောက်ရှိလာခဲ့တယ်။
အဲ့ဒီအရွယ်ရဲ့ ပထမဆုံးညမှာပဲ သူက ကြောက်ရွံ့ထိတ်လန့်မှုတွေ အပြည့်နဲ့ဖြစ်နေခဲ့တယ်။
ဝရံတာကနေကျလာတဲ့ လရိပ်ပျပျလေးပဲရှိတဲ့ အမှောင်ထဲမှာ အရမ်းကြောက်နေတဲ့ ကောင်လေးက ဓာတ်မီးယူဖို့ အနားက ဘီဒိုကို ပြေးဖွင့်လိုက်တယ်။
သူ ဘီဒိုကို ဖွင့်လိုက်တဲ့အခါ မကောင်းဆိုးဝါးတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်မိလျက်ဖြစ်သွားတယ်။
ကောင်လေးက အရမ်းကြောက်လန့်သွားပြီး အကျယ်ကြီးအော်မိသွားတယ်။
မကောင်းဆိုးဝါးက ကောင်လေးအသံကြောင့် နောက်ဆုတ်သွားပြီး သူ့ရဲ့ရေဘဝဲလိုလက်ကြီးတွေနဲ့ သူ့ရဲ့ရောင်စုံဆံပင်တွေကြား ထိုးဖွပြီး အော်ငိုတော့တယ်။
မကောင်းဆိုးဝါးက အချိန်အကြာကြီး ငိုတယ် ... ငိုပြီးရင်းငိုနေတာကို မြင်ရတော့ ကောင်လေးက ရှော့ရသွားမိတယ်။
မကောင်းဆိုးဝါးကို သူသိပ်မကြောက်တော့ပဲ သနားမိလာတယ်။
ကောင်လေးက မကောင်းဆိုးဝါးနားကို နည်းနည်းလောက်တိုးလာပြီး
"ဘာလို့ငိုနေတာလဲ ... ပြီးတော့ မင်းက ဒီထဲမှာ ဘာဝင်လုပ်နေတာလဲ" လို့ မေးလိုက်တယ်။
မကောင်းဆိုးဝါးက
"ငါက ဒီဘီဒိုထဲမှာနေတာပါ ... ဒါပေမဲ့ တစ်ခါမှအပြင်မထွက်ရဲဘူး" လို့ ငိုရင်းနဲ့ဖြေလိုက်တယ်။
"အပြင်မထွက်ရဲဘူး ... ဘာလို့လဲ"
ကောင်လေးက ပြန်မေးလိုက်တယ်။
"ဘာလို့လဲဆိုတော့ ... ငါက လူတွေကိုကြောက်တယ်" မကောင်းဆိုးဝါးက ပြန်ဖြေလိုက်တယ်။
"ဘာလို့လူတွေကို ကြောက်တာလဲ ... ကြောက်စရာမှမရှိတာကို" ကောင်လေးက ထပ်မေးပြန်တယ်။
မကောင်းဆိုးဝါးကလည်း ကောင်လေးကို ရင်းနှီးစပြုလာပြီး _
"ကြောက်တာပေါ့ကွ ... မင်းတို့ လူသားတွေရဲ့ မျက်နှာက ကြောက်စရာကြီး ... မျက်လုံးတွေ နှာခေါင်းတွေ ပါးစပ်တွေက ငါတို့နဲ့လဲမတူပဲ ကြောက်စရာကောင်းတယ်" လို့ ပြန်ဖြေတယ်။
"ငါလဲ မင်းတို့ကိုကြောက်တာပဲ ... မင်းတို့မျက်နှာတွေက ကြောက်စရာ လန့်စရာကြီး"လို့ ကောင်လေးက ပြန်ပြောလိုက်တဲ့အခါ နှစ်ယောက်သား သဘောကျပြီး ပြိုင်တူရယ်မိကြတယ်။
သူတို့နှစ်ယောက်က အချိန်အကြာကြီး စကားတွေပြောဖြစ်ခဲ့ကြပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာကြတယ်။
ပြီးတော့ သူတို့နားလည်လာခဲ့တယ် ... သူတို့က အပြန်အလှန် ကြောက်နေတဲ့စိတ်နဲ့ နေလာခဲ့မိကြတယ်ဆိုတာကိုပေါ့။
သူတို့ရဲ့ အကြောက်တရားတွေကို အနိုင်ယူနိုင်ဖို့ ရင်ဆိုင်ပစ်ရမယ်ဆိုတာ သူတို့သိလာတယ်။
သူတို့က ကမ္ဘာအနှံ့ အတူလျှောက်လည်ကြတယ်။
တခြားသူတို့ကြောက်တဲ့ သတ္တ၀ါပေါင်းစုံကို ရင်းနှီးလာအောင်လုပ်ခဲ့တယ်... ဥပမာ ... ခြင်္သေ့၊ကျား၊ မိချောင်း တို့ကိုပေါ့ ... ပိုရင်းနှီးလာနိုင်အောင် သူတို့အတတ်နိုင်ဆုံး ကြိုးစားတယ် ... အဆုံးသတ်မှာ အကြောက်တရားတွေ ကင်းဝေးပြီး မိတ်ဆွေတွေ ဖြစ်လာတာပေါ့။
ဒါပေမဲ့ ကောင်လေးရဲ့မိဘတွေကတော့ မပျော်ကြပါဘူး။
သူတို့သားက ဒီအရွယ်ထိ မကောင်းဆိုးဝါးဆိုတာ
တကယ်ရှိတယ်လို့ ယုံကြည်နေလို့လေ။
သို့သော်လည်း ကောင်လေးရဲ့ အခန်းကတော့ ညဘက်ရောက်တာနဲ့ အလည်လာမယ် သတ္တဝါပေါင်းစုံနဲ့ ညတိုင်း စည်ကားလို့နေပါတယ်။
ပြီးတော့ ကောင်လေးက အဲ့ဒီ သတ္တဝါတွေ မကောင်းဆိုးဝါးတွေကို ကြောက်ရမဲ့အစား သူတို့ကို ပိုနားလည်လာနိုင်ပြီး မိတ်ဆွေဖွဲ့ဖို့ပဲ အတွေးရှိပါတော့တယ်။
သူ ... အကြောက်တရားကို အနိုင်ရသွားခဲ့ပြီလေ။

ကျွန်မ ငယ်ငယ်က ဆရာတစ်ယောက်က သင်ပေးခဲ့ဖူးတယ်။
ဘာကိုမှမကြောက်တတ်ဖို့ ... ကြောက်မိတာမှန်သမျှကို ရင်ဆိုင်ပစ်လိုက်ဖို့ ... ဒါဆို ကျွန်မတို့က ဘာကိုမှကြောက်နေစရာမလိုတော့ဘူးလေ။
ဆရာကပြောခဲ့တယ် ... အိမ်မြှောင်ကို အရမ်းကြောက်တတ်ရင် ... အိမ်မြှောင်ကို စိုက်ကြည့်တတ်အောင် အရင်ကျင့် ... ကြည့်ရဲသွားပြီဆိုရင် ထိကြည့်ရဲအောင်ကျင့် ... ထိကြည့်ရဲသွားပြီဆို ဆုပ်ကိုင်နိုင်တတ်အောင်အထိကျင့် ... အဲ့ဒီနောက် အကြောက်တရားကို သမီးအနိုင်ရပြီတဲ့။
ကျွန်မ အဲ့ဒီ အတိုင်းပဲ အရာရာကို ကျင့်လာခဲ့တာ ...
ခုချိန်မှာ ကျွန်မ ဘာကိုမှ မကြောက်တတ်တော့ဘူး ဖြစ်လာခဲ့ပါတယ်။
ကိုယ်ကြောက်မိတယ်လို့ ခံစားလာရတဲ့ အရာတိုင်းကို ကိုယ်ကစ ရင်ဆိုင်ပစ်လိုက်တယ်။
အဲ့လိုနည်းနဲ့ အကြောက်တရားတွေကို ချေဖျက်ပစ်ခဲ့ပါတယ်။
ဒီစာလေးကို ဖတ်မိလို့ ကျွန်မရဲ့မိတ်ဆွေတွေ
အကြောက်တရားကို ရင်ဆိုင်နိုင်တဲ့စိတ်လေး ရသွားခဲ့ကြမယ်ဆို ကျွန်မ နှစ်နာရီလောက် အချိန်ပေး ရေးရကျိုး နပ်သွားပါပြီရှင်။
ချစ်ခြင်းများစွာဖြင့်
Yadanar Poekyuu