အချစ်စစ်ဟူသည် ...
တစ်ခါက သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲက
သူတို့တွဲလာတဲ့သက်တမ်းတစ်နှစ်ကျော်မှာ လက်ထပ်ပြီး ဘဝခရီးကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ခင်ပွန်းဖြစ်သူက အင်ဂျင်နီယာအလုပ် လုပ်ကိုင်ပြီး ဇနီးဖြစ်သူကတော့ တာဝန်ကျေပွန်တဲ့ အိမ်ရှင်မအဖြစ်နဲ့ပေါ့။
ဒီလိုနဲ့ သူတို့ လက်ထပ်ပြီးသုံးနှစ်ကျော်အကြာမှာတော့
ဇနီးဖြစ်သူက မပျော်ရွှင်တော့ပါဘူး။
သူ့ယောကျာ်းက မချစ်တော့ဘူးလို့ သူခံစားလာရတယ်။
အကြောင်းကတော့ သူ့ယောကျာ်းက ရိုမန့်တစ်ဆန်ဆန်လေးတွေလည်း မပြုလုပ်ပေးတတ်ဘူး၊ ချစ်စကြင်စတုန်းကလောက်လည်း သည်းသည်းလှုပ်ချစ်မပြတော့ဘူးလို့ သူထင်လာလို့ပါပဲ။
ဒီလောက်စိတ်ပျက်ဖို့ကောင်းတဲ့ယောကျာ်းမျိုး အလိုက်မသိတတ်တဲ့ယောကျာ်းမျိုးကို လက်ထပ်မိခဲ့ရလေခြင်းဆိုပြီး
သူတွေးမိလာခဲ့တယ်။
တစ်နေ့တော့ ... ဇနီးဖြစ်သူက ကွာရှင်းဖို့ထိ အတွေးဝင်လာပြီး _
"ရှင်နဲ့ ကျွန်မ ကွာရှင်းမယ်" လို့ စပြောလိုက်တယ်။
"ဘာ ... ဘာပြောလိုက်တယ် ... ဘယ်လိုဖြစ်တာလဲမိန်းမရယ်" ယောကျာ်းဖြစ်သူက အထိတ်တလန့် နဲ့ပြန်မေးလိုက်တယ်။
"ကျွန်မ အရမ်းပင်ပန်းနေပြီ ... ကွာရှင်းချင်လို့ကို ကွာရှင်းမှာ ... လောကကြီးမှာ ကိစ္စတိုင်းအတွက် အကြောင်းပြချက်ရှိနေစရာမလိုပါဘူး"
ဇနီးသည်က ပြန်ပြောလိုက်တယ်။
ယောကျာ်းဖြစ်သူက တစ်ညလုံး တိတ်ဆိတ်သွားပြီး တစ်ခုခုကို နက်နက်နဲနဲတွေးရင်း စီးကရက်ကို အဆက်မပြတ်သောက်နေခဲ့တယ်။
ဒါကိုမြင်နေရတဲ့ ဇနီးသည်က ပိုပိုဒေါသဖြစ်လာပြီး
"ကြည့်လေ ... ရှင့်ကိုစိတ်ပျက်တာ အဲ့ဒါတွေ ... ကျွန်မက ကွာရှင်းမယ်ပြောတာတောင် ဖြေရှင်းဖို့ တားဖို့မပြောပဲ ဆေးလိပ်တောင်ထိုင်သောက်နေလိုက်သေးတယ် ... ဒီလိုယောကျာ်းမျိုးဆီက ကျွန်မက ဘာကို မျှော်လင့်နေရဦးမလဲ" လို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။
"မင်းစိတ်ပြောင်းဖို့ ငါဘယ်လိုလုပ်ရမလဲမိန်းမ" ယောကျာ်းဖြစ်သူက လေးလေးနက်နက်မေးလိုက်တယ်။
ယောကျာ်းဖြစ်သူကို စိတ်ပျက်ပြီးရင်း ပျက်လာတဲ့ဇနီးသည်က _
"ကောင်းပြီလေ ... ကျွန်မစိတ်ပြောင်းအောင် ရှင်လုပ်ချင်တယ်ဆိုလုပ်ပေါ့ ... ကျွန်မက တောင်ထိပ်မှာပေါက်နေတဲ့ပန်းကိုလိုချင်တယ်၊ အဲ့ဒီပန်းကို တက်ခူးရင် သေဖို့ သေချာသလောက်ရှိတယ်ဆိုရင်ရော ရှင်ကျွန်မအတွက် သွားခူးပေးနိုင်မလားပြော" ဟု ပြန်ပြောလိုက်တယ်။
"မိန်းမမေးတာကို ယောကျာ်း မနက်ဖြန်ကျ အဖြေပေးပါမယ်" ယောကျာ်းဖြစ်သူကပြန်ပြောလိုက်တယ်။
ဇနီးသည်ကလည်း စိတ်ပျက်လက်ပျက်နဲ့ အိပ်ပစ်လိုက်တယ်။
မနက်ရောက်တော့ ယောကျာ်းဖြစ်သူဆီကအဖြေနားထောင်ဖို့ လိုက်ရှာပေမဲ့ အခန်းစားပွဲပေါ်မှာ ဖန်ခွက်နဲ့ဖိထားတဲ့ သူ့ယောကျာ်းလက်ရေးနဲ့ စာတစ်စောင်ကို သူတွေ့လိုက်ရတယ်။
ဇနီးသည်က စာကိုယူကောက်ဖတ်လိုက်တယ်။
" သို့ ချစ်သောမိန်းမ ...
ကိုယ် မင်းလိုချင်တဲ့ တောင်ထိပ်က ပန်းကို ခူးမပေးနိုင်ပါဘူး၊
ဒါပေမဲ့ ဘာကြောင့်မခူးပေးနိုင်လဲဆိုတာ ကိုယ်ရှင်းပြပါ့မယ် ..."
ပထမစာကြောင်းကို ဖတ်မိရုံနဲ့တင် ဇနီးဖြစ်သူက အရမ်းစိတ်ထိခိုက်သွားခဲ့တယ်။
သူတကယ်ခူးခိုင်းမှာမဟုတ်မှန်းသိပေမဲ့ မခူးပေးနိုင်ဘူးလို့ အဖြေရလိုက်လို့လေ။
ဇနီးသည်က အောက်အပိုဒ်တွေကို ဆက်ဖတ်လိုက်တယ်။
"မင်းက ကွန်ပျူတာကို သုံးတဲ့အခါ ပရိုဂရမ်တွေကို ရှုပ်ထွေးအောင် အမြဲချန်ထားခဲ့တယ် ... ဒါကြောင့် မင်းအတွက် ကွန်ပျူတာ ပြန်ကောင်းအောင် ပရိုဂရမ်တွေကို ပြန်ရှင်းဖို့ ကိုယ့်လက်ကို ချွေတာရတယ်"
"မင်းက အပြင်ထွက်ရင် အမြဲအိမ်သော့ကို မေ့ကျန်ထားခဲ့တယ် ... ဒါကြောင့် မင်းပြန်ရောက်ရင်အခက်မတွေ့အောင် သော့ဖွင့်ပေးနိုင်ဖို့ ကိုယ်အလုပ်ကနေအပြေးလာနိုင်အောင် ကိုယ့်ခြေထောက်ကို ချွေတာရတယ်"
"မင်းက ခရီးသွားရတာ ဝါသနာပါပေမဲ့ သွားလည်တဲ့မြို့တွေရဲ့ နေရာကို ဘာမှမသိတတ်ဘူး ... ဒါကြောင့် မင်းခရီးထွက်ရအဆင်ပြေပျော်ရွှင်စေဖို့ ကိုယ်က ဘာမဆိုလေ့လာထားပြီး မင်းကိုလမ်းညွန်နိုင်ဖို့ ကိုယ့်မျက်လုံးကို ချွေတာရတယ်"
"တစ်ခါတစ်ရံကျ မင်းက အိမ်တွင်းပဲအောင်းနေချင်ပြန်တယ် ... ဒါကြောင့် မင်းအညောင်းထိုင်မှာ ရောဂါရမှာ ပျင်းနေမှာစိုးလို့ ကိုယ်က ပုံပြင်တွေ အကြောင်းအရာ ဗဟုသုတတွေ ပြောပြနိုင်ဖို့ ပါးစပ်ကိုချွေတာရတယ်"
"ပြီးတော့ မင်းက ကွန်ပျူတာကိုလည်း အချိန်အကြာကြီးသုံးတတ်တယ် ... မင်းမျက်လုံးတွေ အားနည်းလိမ့်မယ်၊ အဲ့ဒါမကောင်းဘူး၊ ဒါကြောင့် ကိုယ်တို့အသက်ကြီးလာတဲ့အခါ ကိုယ့်ထက်အရင် မင်းမျက်လုံး မှုန်ဝါးလာခဲ့ရင် မင်းကို ကိုယ်လက်သည်းလေးတွေညှပ်ပေးရဦးမယ်၊ ဆံပင်ဖြူလေးတွေ နှုတ်ပေးရဦးမယ်၊
မင်းကို လက်တွဲပြီး သာယာလွန်းတဲ့ ကမ်းခြေမှာ အတူလျှောက်ကြရဦးမယ်၊ လှပတဲ့ သဲသောင်တွေ ပင်လယ်တွေ၊ ပန်းပွင့်လှလှလေးတွေ၊ မင်းနဲ့အတူခံစားပျော်ဝင်ရဦးမယ်။
ပြီးတော့ မင်းရဲ ငယ်ဘဝတုန်းက အလှကို ပြန်ပြောပြရဦးမယ်။
မင်းမကျန်းမာတော့ရင်လည်း ထွေးပွေ့ကြင်နာနိုင်ဖို့ ကိုယ်နေကောင်းနေအောင် နေဖို့လိုတယ်။
မိန်းမရေ ... မင်းအပေါ် ကိုယ့်ထက်ချစ်နိုင်မဲ့သူ မမြင်သေးပဲ ကိုယ်အသေခံပြီး မင်းလိုချင်တဲ့ ပန်းကို မခူးပေးနိုင်သေးတာ ခွင့်လွှတ်ပါ။
မင်းအတွက်ပဲ ကိုယ်အရာရာတွေးပြီး ချွေတာနေခဲ့တာပါ။
ကိုယ့်အချစ်တွေက လျော့သွားတာမဟုတ်ဘူး၊ အနာဂတ်အတွက် စုဆောင်းထားနေတာပါ"
ဇနီးသည်က စာကိုဖတ်ရင် မျက်ရည်တွေ ကျလာခဲ့တယ်။
သူ့မျက်ရည်တွေက သူ့ယောကျာ်းရဲ့ လက်ရေးတွေအပေါ်ကျပြီး မှင်တွေစွန်းထင်ကုန်တဲ့ထိ သူမျက်ရည်ကျလာခဲ့တယ်။
"တကယ်လို့ မင်း ကိုယ့်စာကို ဖတ်ပြီးပြီဆိုရင် ...
ကိုယ်အိမ်ရှေ့တံခါးပေါက်မှာ ရပ်စောင့်နေပါတယ် ...
မင်းစိတ်ကျေနပ်ပြီး ကိုယ့်ကိုပြန်လက်ခံမယ်ဆိုရင် တံခါးကို ဆွဲဖွင့်လိုက်နော် ... ကိုယ် မင်းအတွက် မင်းအကြိုက် ပေါင်မုန့်နဲ့ လတ်ဆတ်တဲ့နို့ ဝယ်ထားပြီး ရပ်စောင့်နေတယ် ... ကိုယ်မျှော်လင့်နေပါတယ်"
စာရဲ့အဆုံးမှာ ဇနီးသည်က အိမ်တံခါးကို ပြေးဖွင့်လိုက်တဲ့အခါ သူ့ကိုမျှော်လင့်တကြီးနဲ့ ရပ်စောင့်နေတဲ့ ခင်ပွန်းသည်ကို မြင်လိုက်ရပြီး ပြေးဖက်လိုက်ပါတယ်။
အချိန်အတော်ကြာတဲ့အထိ ဘာစကားမှမပြောကြပဲ သူတို့ တင်းတင်းကျပ်ကျပ်ဖက်ရင်း ရပ်နေမိခဲ့ကြပါတယ်။
အချစ်ဆိုတာ သမီးရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝမှာ ထပ်တူတော့ မညီနိုင်လောက်ပါဘူး။
အိမ်ထောင်သည်ဖြစ်သွားတဲ့အခါ ပိုလေးနက်လာတယ်၊ ဘဝအတွက် အနာဂတ်အတွက် ကြိုးစားနေရတဲ့အတွက် သမီးရည်းစားဘဝလောက်တော့ ဂရုစိုက်နိုင်မှု အားမကောင်းလောက်ပါဘူး။
နားလည်မှုတွေ မေတ္တာတရားတွေနဲ့ အကောင်းဆုံးပေါင်းစပ်ပြီး အေးချမ်းတဲ့မိသားစုဘဝလေး တည်ဆောက်နိုင်ကြပါစေ။

ကျွန်မလည်း အိပ်ငိုက်နေလို့ ရေးသာရေးထားတာ အမြီးအမောက်တည့်ရဲ့လားမသိပါဘူး။
ပြန်မစစ်နိုင်တော့လို့ ...
အမှားပါခဲ့ရင် နားလည်ပေးကြပါရှင်။
ချစ်ခြင်းများစွာဖြင့်
Yadanar Poekyuu