ဒီနေ့မနက် အစောကြီးနိုးနေတာနဲ့ မနေ့က အကြောင်း ပြန်တွေးနေမိတယ်
ပြောခဲ့တာတွေ မောခဲ့တာတွေ လောခဲ့တာတွေ လွဲခဲ့တာတွေ ကွဲခဲ့တာတွေ ပေါ့ခဲ့တာတွေ လိုခဲ့တာတွေ ပိုခဲ့တာတွေ အကျင့်ပါနေလို့ငွေကို စနစ်တကျသုံးခဲ့ပေမယ့် အချိန်ကို စနစ်မကျ ဖြုံးခဲ့တာတွေ မပြုံးနိုင်တာတွေ နှုံးမှိုင်တာတွေ အလိုမကျလို့ ငိုရမလို အဖြစ်တွေ
အားလုံးကို စာရင်းချုပ်လိုက်တော့ မနေ့က ကျွန်တော်ကို ဒီနေ့ ကျွန်တော်က မကြိုက်ပါဘူး။ အားမရပါဘူး။အောင်/ရှုံးနဲ့ တွက်ရင် အမှတ် ၄၀ နဲ့ အောင်တယ် ဆိုရုံလေး။ ကဲပါလေ ထားလိုက်ပါတော့။ ပြီးခဲတာက ပြီးပါပြီ။
မနက်ဖြန်ကို ဆက်ပြီး မျှော်မှန်း ကြည့်မိပါတယ်။ ဟိုဟာ လုပ်မှာလိုလို ဒီဟာကိုင်မှာလိုလို နေ့တိုင်းပြုနေကြတာဝန် ဝတ္တရားတွေကို ဝတ်ကြေတမ်းကြေ လုပ်မှာက လွဲရင် ဘာတစ်ခုမှ့ ပြတ်ပြတ်သားသားခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတာ မရှိ။ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကလဲ မှုံဝါးဝါး။ သေချာတာကတော့ မနေ့ကအတိုင်း ယောင်ဝါးဝါးဖြစ်နေရင် မနက်ဖြန်လဲ အူကြောင်ကြားဖြစ်နေမယ်ဆိုတာပါပဲ။
ဒါ့အပြင် ဒီနေ့ ကံကောင်းလိုက်တာ အတိတ်နဲ့ အနာဂတ်ကို ဆက်စပ်တွေးမိတဲ့ အချိန်လေးက အဖိုးတန်လိုက်တာ။ ဒီနေ့ ဒီအချိန်ဟာ အရေးကြီးဆုံး အချိန်၊ အဖိုးအတန်ဆုံး အချိန်၊ နောက်ပိုင်း ဘယ်လိုမှ့ ပြန်မရတဲ့ အချိန်။
အတိတ်အားနဲချက်တွေကို ပြုပြင်၊ အားသာချက်တွေကို အမွှန်းတင်ရမှာ ဒီနေ့ ဒီအချိန်က စတော့မယ်။ တရွေ့ရွေ့ကုန်ဆုံးသွားမယ့် ဒီအချိန်လေး အတိုင်း အကောင်းဆုံး အကျိုး ရှိဆုံး အသုံးပြုသွားရင်တော့ မနက်ဖြန် ကျွန်တော်ဟာ မနေ့က ကျွန်တော်ထက် သာလွန်တဲ့သူ ဖြစ်သွားပြီပေါ့။
အနာဂတ်ဆိုတာ မရေရာ မသေချာလေတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီနေ့ ပေါ့ပေါ့ ပါးပါးနေလိုက်ရင် မနက်ဖြန်မှာ ပေါတောတော ပေါ့ဆဆ အရည်မရ၊ အဖတ်မရ အလုပ်တွေလုပ်၊ တောရောက်တောင်ရောက် စကားတွေပြော၊ စိတ်ကူးယဉ် ဘဝင်မြင့် ဘဝမေ့နေတဲ့ သတ္တဝါတစ်ကောင် ကမ္ဘာမြေပေါ်မှာ တိုးပွာားလာမှာ မြင်ရဖို့ 99.99% သေချာတယ်။ ကျွန်တော်မကြိုက်ဆုံး မနှစ်မြို့ဆုံး လူသားဟာ ကျွန်တော်ပါလို့ ထုတ်ဖော်မပြောရအောင်
ဒီနေ့ ဒီအချိန်က စပြီး..................
ငွေလမင်း
မုံရွာ