မှန်ပါတယ် နေ့စဥ် ပိုစ့်တင်ပါ။ ပျော်ရင်လည်းတင်၊ ပျင်းရင်လည်း တင်၊ အို ကိုယ်၊ စိတ်ခံစားချက် တအားကြီး ဆိုးဆိုးရွားရွား ဖြစ်နေတာမျိုး မဟုတ်ရင် တနေ့ တပိုစ့်တော့ တင်ပါ။
ယခုတလော ကျနော့် Hive (ယခင်ကတော့ steemit ပေါ့) ခရီးလမ်းကို ပြန် ပြောင်းတွေးမိနေ၏။ အရင်းအနှီး မရင်းနိုင်သူမို့ နေ့စဉ် ပိုစ့်တင်ရင်းနှင့်သာ hive ကို ရသလောက် စုဆောင်း ခဲ့၏။ ကြားထဲ ပိုစ့် မတင် ဖြစ်တာ ဆိုလို့၊ ကျနော့် ဖခင်ကြီး နာရေး ကာလနှင့် အာဏာသိမ်းခါစ internet ပြတ်တောက်နေတုန်းလောက်သာ။ ခရီးထွက် စရာ ဘာညာ တွေ ရှိခဲ့လျှင်တောင်မှ ပိုစ့် တင် မပြတ်ခဲ့ပေ။ ခရီး ကြာမယ့် အချိန်၊ ရက်ကိုတွက်ပြီး စာတွေ ကြိုရေးထား၏။ (၅) ရက်ကြာမည်ဆို (၅) ရက်စာ၊ တပတ်ကြာမည်ဆို တပတ်စာပေါ့။ အဲ့လိုလေး ကြိုကြိုတင်တင် ရေးထားလေ့ ရှိ၏။
steemit စလုပ်တော့ ခုလို အလုပ်လက်မဲ့ မဖြစ်နေသေးပေ။ ထို့ကြောင့် ပိုစ့်တင်ပြီး ရသမျှကို 100% power up ပစ်သည်သာချည်း ဖြစ်၏။ ထို့ပြင် ထိုစဥ်က ph bill လိုသူများကို steem နှင့် bill ရောင်းပေးခဲ့သေး၏။ ပေါက်စျေးပေါ် မူတည်ပြီး သူတို့က steem or steem dollar ပေး၊ ကျနော်က ph bill ပြန်ဖြည့်ပေးပေါ့။ ထိုသို့ စုလာရင်း steem power 1000 ကျော်လောက် အရောက်မှာ steemit ၏ CEO အပြောင်းအလဲ ကြောင့် hive သို့ ပြောင်းရွှေ့ ဖြစ်ခဲ့၏။
hive မှာတော့ steemit လောက် power စုရတာ မမြန်၊ မများတော့ပေ။ အကြောင်းကား steemit, hive အပြောင်းအလဲ အကူးအပြောင်း အကွဲအပြဲ ကြားမှာ ကျနော်တို့ myanmar community ကို vote ပေးကာ ကူညီပေးနေသည့် အဖွဲ့လည်း ကွဲသွားခဲ့၏။ (ထို အဖွဲ့သည် ကိုဟင်၏ အားထုတ် လုပ်ဆောင်ပေးမှုကြောင့် မြန်မာ အသုံးပြုသူများကို ကူညီပေးကြခြင်း ဖြစ်၏) ထို အဖွဲ့၏ ကျေးဇူး၊ ထိုစဥ်က steem စျေးတို့ကြောင့် myanmar steemit community ကြီး အတော်လေး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ရှိခဲ့၏။ ပြောနေရင်းနှင့်ပင် လွမ်းမိပါ၏။
ထားပါ ဒီအကြောင်းတွေကိုက နောက်အလျဥ်းသင့်မှ ထပ်ပြောပါမည်။ ခု ပြောချင်တာက ပိုစ့် ပုံမှန် ရေးတင်ပြီး hive (hive power) စုဖို့ ဖြစ်၏။ ကိုဟင်လည်း ဒီအကြောင်းကို အရင်ကကော ခုကော နောင်ကော ပြောနေဦးမည် ဖြစ်၏။ ဘာလို့ဆို power က အရေးကြီးတာကိုး။ ဤ platform ပေါ် စလျှောက်လှမ်းကတည်းက ဘယ်သူမှ ဟက်ချလောင်းဆိုပြီး power တွေ သိန်း၊သောင်းချီ ရှိလာ၊ ရလာခြင်း မဟုတ်ပေ။ အရင်းအနှီး စိုက်ထုတ်ပြီး ဝယ်လိုက်လျှင်တော့ တမျိုးပေါ့။
သေသေချာချာလေး အစီအစဥ် ချပြီး လုပ်ဆောင်မည်ဆိုလျှင်တော့ power မြန်မြန် ရနိုင်၏။ platform ပေါ် အရင်ရောက်နေခြင်းကြောင့် power ပိုများနေမည်ဆိုပြီး ယတိပြတ် ပြောလို့ မရပေ။ အရင် ရောက်နေခြင်း မရောက်ခြင်းထက် active ဖြစ်ခြင်း မဖြစ်ခြင်းက အဓိက ဖြစ်၏။
တလောက Facebook မှာ ကျနော် hive အကြောင်း ရေးဖြစ်၏။ စိတ်ဝင်စားသူတွေ ရှိ၏၊ မေးကြ၏။ ကျနော် တပါတည်း ပြန်ဖြေပေး၏။ စိတ်ရှည်ပေးဖို့ လိုကြောင်း၊ ခုရေတွင်းတူး ခုရေကြည်တော့ သောက်မရကြောင်း၊ တစိုက်မတ်မတ်လေး လုပ်လျှင် တချိန်ချိန် မှာ ထူးလာမည် ဖြစ်ကြောင်းကိုပေါ့။
ကျနော်ကတော့ hive ကို အိုစာ မင်းစာ အတွက် ရည်ရွယ်ထား၏။ ကျနော် အိုသွားတဲ့ အထိ hive platform ရှိနေဦးမည် ဆိုလျှင်ပေါ့။ အိုစာ မင်းစာ အတွက် ဆိုပေမယ့်လည်း လတ်တလော လိုအပ်ချက်များကို hive ကနေ ဖြေရှင်းလို့ ရခဲ့၏။ (hive နှင့် ဘာတွေ လုပ်ခဲ့ရသည်ကို ပြောခဲ့ပြီးပါပြီလေ) ယခုကာလမှာပင် လစဥ် wifi ဖိုးကို hive ရောင်းပြီး ပေးဆောင်နိုင်ခဲ့၏။ hive က ကျနော့်ကို အသက်ရှူ ချောင် စေ၏၊ ပျော်ရွှင်စေ၏။
ထို့ကြောင့် hive account မဖွင့်ရသေးသူများ ဖွင့်ပါ၊ ဖွင့်ပြီးသူများ ပုံမှန် ပိုစ့်တင်ပါ။ စာရေးနိုင် ရေးဖြစ်တဲ့ အခါ Hive myanmar community ကနေ တင်ပါ။ ပုံပဲ တင်လို့တဲ့အခါ dbuzz ကနေ တင်ပါ။ ခုချိန်မှာ duzz ကနေ တင်ရင်လည်း 1 $ လောက် ရနိုင်နေတော့ မဆိုးပေ။
တရက် တပိုစ့် ထဲလား ဆိုတော့ မဟုတ် တင်လို သပဆိုလျှင် နှစ်ပိုစ့်တော့ တင်ပေါ့။ ထိုထက် များသွားလျှင်တော့ resource မရှိတော့ သဖြင့် ပိုစ့် တင်မရ၊ comment ပေး မရ ဖြစ်ပေလိမ့်မည်။ (power နည်းနေသေးသူတွေ အများဆုံး ကြုံရသည့် အဖြစ်) တရက် နှစ်ပိုစ့် တင်မည်ဆိုလျှင် အချိန် သတ်မှတ်ပြီး တင်ပါ။ တပိုစ့်နှင့် တပိုစ့် အချိန် တအား မကပ်သင့်ပေ။ ကောင်းတာကတော့ မနက် တပိုစ့် ည တပိုစ့် လုပ်ပေါ့။ ထိုသို့ မဟုတ်လည်း တပိုစ့်နှင့် တပိုစ့် (5) နာရီ လောက်တော့ ခြားပေါ့။
ထို့ကြောင့် နေ့စဥ် ပိုစ့်တင်ပါ။ ပျော်ရင်လည်းတင်၊ ပျင်းရင်လည်း တင်၊ အို ကိုယ်၊ စိတ်ခံစားချက် တအားကြီး ဆိုးဆိုးရွားရွား ဖြစ်နေတာမျိုး မဟုတ်ရင် တနေ့ တပိုစ့်တော့ တင်ပါ။
Don Jaun