Crypto ဈေးများက ပြန်ကျသည်။ ကိုယ်တွေရဲ့
Hive ဈေးလည်း ပြန်ကျသည်။ ဒီတော့ စိတ်ဓာတ်
နည်းနည်းတော့ကျသည်။ သို့ပေသိပေါ့လေ
ဈေးဆိုသည်မှာ တက်ဈေး၊ ကျဈေးဆိုတာ ရှိတတ်
မြဲပေ။ လူ့ဘဝသည်ပင် နိမ့်လိုက်၊ မြင့်လိုက်ဖြင့်
ဖြတ်သန်းနေကြသည်။ စိတ်ဓာတ်ကျသည့်အခါ
ကျသလို။ စိတ်ပျော်ရွှင်စရာများလည်း ရှိခဲ့ပေသည်။
သို့ပေသိ ဘဝ ဆိုသည်က ပျော်စရာက နည်းနည်း။
စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာများက အင်မတန်
များပြားပေသည်။
မြတ်စွာဘုရာရှင် ကိုယ်တော်မြတ်ကြီး၏ တရားတော်
များမှာ နာယူသည့်အခါ ဘဝဆိုသည်ကို ဘုရားရှင်က
မည်သည့်အခါမျှ ကောင်းမွန်သည်ဟု မပြောပေ။
ဘဝ ဆိုသည်က ဝမ်းနည်းစရာ၊ စိတ်ဆင်းရဲစရာမျာနဲ့
အတိပြည့်ကာ။ ပျော်ရွှင်စရာဆိုသည်က အနည်းငယ်
မျှသာရှိသည်။ ထိုအနည်းငယ်သော ပျော်ရွှင်စရာ
လေးကိုပင် ခုံမင်တပ်မက်နေကြသည်။
ညအချိန်မှာ ဖုန်းကိုဖွင့်၍ သတင်းများနားထောင်
မိသည့်အခါ သဘာဝဘေး၊ စစ်မက်ဘေးများနဲ့
ဒုက္ခပင်လယ်ဝေနေသော လူသားများကို
မြင်ရ တွေ့ရ ကြားရသောအခါ လူ့ဘဝကြီးက
အင်မတန်ဆိုးရွားလှပါလားဟု စိတ်ခံစားမှု
ဖြစ်ပေါ်သည်။ အဝေးမှာရှိသော နိုင်ငံများ၏
စစ်မက်အရေး၊ ရုတ်တရက်ဖြစ်ပေါ်လာသော
ဘေးအန္တရာယ်ဖြစ်သည့် လေယာဉ်ပျက်ကျမှု
များ စသည့်တို့ကို မြင်ရ ကြားရသည့်အခါလည်း
စိတ်မချမ်းသာ ခံစားရသည်။
အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ကိုယ့်နိုင်ငံ၏
အရေး၊ အဖြစ်အပျက်များသည်လည်း စိတ်နှလုံး
မချမ်းသာရပေ။ စိတ်ဆင်းရဲစရာအတိပါလေ
ဆိုသလို။ စိတ်ချမ်းသာစရာ တကွက်မျှမရှိသော
အမိတိုင်းပြည်ကြီးပါလေ။ ထိုသို့သော စိတ်မချမ်းသာ
မှုများရှိရာ အရပ်မှာ မိမိနေထိုင်သည်။ မိမိစိတ်ကို
တတ်နိုင်သမျှ စိတ်သက်သာအောင် နေဖို့အရာ
သည်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
တရားတော်များကို မှတ်သား နာယူခြင်းသည်က
စိတ်သက်သာမှုရှိပေသည်။
လူသည်က မကောင်းမှုးမှာ မွေ့လျှော်တတ်သော
သဘောမို့။ နိုင်ငံတကာသတင်း၊ cryptocurrency
အကြောင်းအရာများနှင့် အခြားသောအရာများကို
ကြည့်ရှုပါမူ မျက်စိက ကြည်လင်နေသည်။
တရားတော်များ နာယူသည့်အခါမှာမူ အိပ်ချင်
ငိုက်မြည်းကာ အိပ်ပျော်သွားတတ်ပေသည်။
အော် ငါသည်က လောကိလူသား ငမိုက်သား
ပါလားဟု ကိုယ့်ကို သတိပေးရသည်။
သတိ ဆို၍ သတိ အသိအတွက် ဝင်လေ၊ ထွက်လေ
ကို ရှုကြည့်သည်။ သတိဆိုသည်က အာရုံကိုအမှတ်
ရနေခြင်း၊ မမေ့ခြင်းဆိုတဲ့အဓိပ္ပါယ်ဖြစ်သည်။
သတိကလည်း နှစ်မျိုးရှိတယ်လို့မှတ်ထားရသည်။
အာရုံတစ်ခုခုကို စူးစိုက်ပြီးနေတာကလည်းသတိ။
အင်္ဂလိပ်လို Mindfulness ဟုပြန်သည်။
အာရုံစိုက်နေတာ၊ အာရုံကိုသတိထားကြည့်တာဟု
သိရသည်။
နောင်တခုက Memory အမှတ်ရနေတာ။ ဟိုးလွန်ခဲ့တဲ့
နှစ်တွေက ပြောခဲ့တဲ့စကား။ ငယ်ငယ်တုန်းက
လုပ်ခဲ့တဲ့အလုပ်တွေ့ တွေးလိုက်ရင်ပြန်ပေါ်လာတာ
မှတ်မိနေတာ အဲဒီလိုမှတ်မိနေတာလည်း သတိရဲ့
စွမ်းဆောင်ချက်။ ထို့သို့ မှတ်မိနေရင် သတိကောင်းလိုက်တာ မှတ်ဉာဏ်ကောင်းလိုက်တာဟုပြောကြသည်။
သတိမမေ့သေးဘူး၊ သတိကောင်းလိုက်တာဟုပြောကြသည်။
Mindfulness ဆိုသည်က လောလောလတ်လတ်
ဖြစ်ပေါ်နေတဲ့အာရုံနဲ့ဆိုင်တယ်။ Memory
ဆိုတာက တစ်ကြိမ်တစ်ခါတုန်းက ကြုံဖူးတဲ့အရာကို
မှတ်မိနေတာလို့ ဒီလိုမှတ်ရပါမယ်။ ဖော်ပြပါ
Mindfulness နှင့် Memory အကြောင်းကို
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
၏ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်မှ ကူးယူ
ဖော်ပြထားခြင်းဖြစ်ပါသည်။
@htwegyi
July 26, 2025