"ဗွမ်း ဗွမ်း "
အိမ်နောက်ဖေးမှ ရေပုံးဖြင့် ရေပက်သံကို
ကြားနေရသည်။ ရာသီဥတုက မိုးရွာထားသဖြင့်
အေးသည်။ ထိုအပြင် ညက ငလျင်လှုပ်ထား
ပြန်သေးသည်။ မနက်ခင်း အိမ်နောက်ဖေး
အိမ်သာမှ လူတန်းစီးနေသည်။ အိမ်သာ
ဆိုသည့် အမည်အတိုင်း အိမ်မှာ ရှိသော
လူအပေါင်းကို သာယာမှုပေးသည့် ဌာနလေး
တခုဖြစ်သည်။ သာယာမှုပေးသည့် နေရာလေးတခု
ဆိုလျှင်လည်း ဟုတ်ပေသည်။
ထိုအိမ်သာမှ ရေပုံးဖြင့် ရေပက်သံကို ကြားရ
သဖြင့် ဘာဖြစ်တာလဲဟု သွားကြည့်မိသည်။
အိမ်သာက ရေလျှံနေသည်။ အိမ်သာက ရေမကျလို့
ရေပုံနဲ့ ပက်တာ ရေက မကျပဲ ပိုလျှံလာတယ်ဟု
ပြောသည်။ အင်း ဒါဆို အိမ်သာပြည့်တာပဲ
ဖြစ်ပေမည်။ တလောကလည်း ထိုသို့ ရေများ
ပြည့်လာသည်။ ငလျင်လှုပ်တာကြောင့်
ရေလျှံတာလားဟု ထင်မိသည်။ ထိုစဉ် ရေလျှံ
စဉ်က ခဏတာဖြစ်ပြီး နောက်တော့ ရေပြန်ကျ
သွားသည်။
တနေ့ကတော့ မနက်ခင်း အိမ်သာမှာ လူတန်းစီ
သည့်အခါမှ ရေက ပြည့်လာသည်။ မနက်ခင်း
အိပ်ရာထမှ အိမ်ရှိ လူကုန် အိမ်သာသို့ ချီတက်
ကြသည်။ ထိုအချိန်မှာ သကောင့်သားက
ပညာပြသည်။ ငါ့ကို ပစ်ထားတာ ခုတော့
ဘယ်နဲ့ရှိစဟု ပြောနေသလို။ အန္တရာယ်လွယ်ထား
တာဆိုတော့ အိမ်သာကို ချော့ပြီး တက်ကြရသည်။
သူကလည်း တင်းခံသည်။
သူတင်းတော့ အိမ်သားက မခံနိူင်ဆိုသလို
စည်ပင်သာယာသို့ ဖုန်းဆက်ရပါတော့သည်။
ကောင်းလေးစွ စည်ပင်ဖုန်းက မကိုင်ပါချေ။
မည်သို့ လုပ်ရပါ့။ သို့နှင့် တူမနှင့် မနက်ပိုင်း
ဈေးသို့ ဆိုင်ကယ်ဖြင့်သွားကြသည်။ ခန္ဓာကိုယ်ကြီရဲ့
အရှုပ်ထုတ်တွေကို ထုတ်ပြီးသကာလ။ ပြန်လည်
ဖြည့်တင်းဖို့ရာ ဈေးသို့ သွားကြရပြန်သည်။
ထိုသို့ ဈေးသွားရာ လမ်းမှာ အိမ်သာအတွက်
ဖြေရှင်းစရာ မိလ္လာကားတစီးကို တွေ့မြင်ရသည်။
သို့နှင့် ထိုမိလ္လာကားကို ဝမ်းသာအားရ ဆိုင်ကယ်ဖြင့်
အမှီလိုက်ခေါ်ကြရသည်။ တကယ်ပါ ကွဲကွာ
နေသော ငယ်ကျွမ်းဆွေကို တွေ့ရသလိုပါလေ
အနှီးမိလ္လာကား မြင်တွေ့ရသည်က။ ကားကို
မှီသောအခါ ယနေ့တော့မလာနိုင်ကြောင်း
မနက်ဖန် မနက်မှ လာမည်ဟုပြောသည်။
ကျွန်တော်အိမ်က ဂွေအိမ်သာကန်ဖြစ်သည်။
အုတ်ကန်အိမ်သာမဟုတ်၍ ဈေးသက်သာမလားဟု
မေးကြည့်ရာ အုတ်ကန်ရော၊ ဂွေကန်ပါ ဈေးအတူတူ
ဖြစ်ကြောင်းပြောသည်။ ယခင်လများက
တသိန်းကျော်ပင်ဖြစ်သွားကြောင်း၊ ယခုမှ ဈေး
ကျသွားကြောင်း မိလ္လာကားဆရာကပြောသည်။
မနက်မှာတော့ ငွေခုနှစ်သောင်းကျပ်ဖြင့်
အိမ်သာကို သာယာမှုဖြစ်အောင် ချော့မြှူ
လိုက်ရပါတော့သည်။
@htwegyi
May 15, 2025