မင်္ဂလာပါ။ ယခင်စာစုတွင် OneCoin ၏ လိမ်လည်မှုအစအကြောင်းနှင့် မည်ကဲ့သို့ လိမ်လည်ကြသည်ကို ဖေါ်ပြပေးပြီးဖြစ်ပါသည်။ ယခုဤစာစုတွင် OneCoin ၏ ထိန်းမနိုင်သိမ်းမရသော ဆက်တိုက်လိမ်လည်မှုကြီးများအား ဆက်လက်ဖေါ်ပြပေးပါမည်။
ဆိုခဲ့သည့် အတိုင်း OneCoin သည် ဘူဂေးလ်ရီးယား နိုင်ငံတွင် အခြခံကာ OneCoin Ltd အား ဒူဘိုင်းတွင် Register လုပ်ထားခြင်းဖြင့် မည်မျှခိုင်မာကြောင်း ဦးစွာပြသခဲ့ပါသည်။ ထို့ နောက် အနာဂတ်ဘဏ်များ၏ လုပ်ဆောင်မှုများနှင့် Bitcoin နေရာတွင် အစားထိုးဝင်ရောက်လာမည့် OneCoin ဟုကြေညာကာ သူတို့၏ Ponzi လုပ်ငန်းစဉ်အျားအား စကြပါလေတော့သည်။
ယခင်စာစုတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့်အတိုင်း Package များဝယ်ယူရကာ နောက်ထပ် Member များရှာ၊ ကော်မရှင်ထုတ်ယူ ၊ token စု စသည်ဖြင့် အတော်လေး အဆင်ပြေနေခဲ့ကြပါသည်။ အစပိုင်းတွင် OneCoin company နှင့်အတူ OneCoin exchange site ဖွင့်လှစ်ထားသဖြင့် လူအများက တကယ့် Bitcoin အားယျဉ်ပြိုင်နိုင်မည့် OneCoin blockchain ဟူ၍ ထင်ခဲ့ကြပါသည်။
ထို OneCoin Exchange site ကလည်း OneCoin token များ ဝယ်ရောင်း ပြုလုပ်ရန် ထက် OneCoin token များ အား အခြားသူတို့ ပိုမိုဝယ်ယူ၍ရစေရန် နှင့် Package များ ရောင်းရန်အတွက် ဖွင့်ပေးထားခြင်းဖြစ်ပါသည်။ Cryptocurrency Exchange တခုမဟုတ်ပါ။
ဆိုခဲ့သည့် အတိုင်း လူအများက OneCoin token အားအရူးအမူး ဝယ်စုလေ ၊ စျေးတက်လာလေ ၊ Package များ ပို၍ ဝယ်ယူလာလေ ၊ နိုင်ငံပေါင်းစုံတွင်လည်း OneCoin ကိုယ်စာလှယ်တို့က ကြေညာအားကောင်းကောင်း အာဘောင်အာရင်းသန်သန်ဖြင့် Ponzi scheme စလိုက်သည်မှာ OneCoin ၏ စုစုပေါင်း တန်ဖိုးသည် ဒေါ်လာဘီလီယံနှင့်ချီ ဖြစ်လာပါတော့သည်။
ဤသို့ Investment ပမာဏများလာလေ လူတို့ပိုယုံကြည်လာလေ ဖြစ်သောကြောင့် နောက်ထပ်နောက်ထပ်သော အရင်းအနှီးတို့ အသောမသတ်နိုင်အောင်ဝင်လာပါလေတော့သည်။ အမှန်ဆိုရလျင် OneCoin သည် Blockchain နည်းပညာအား အခြေခံထားသော Cryptocurrency မဟုတ်သလို OneCoin company တွင်လည်း မည်သည့် Blockchain ပညာရှင်မှ မရှိပါ။
Cryptocurrency တို့မှာ Blockchain နည်းပညာတွင် အခြေခံ၍ Bitcoin, Ethereum တို့မှာ POW ( proof of work ) ဟူသော နည်းပညာတွင် အခြေခံကြသလို အခြားသော EOS , Steemit , Hive စသည်တို့မှာ DPOS ( Delegated Proof of Stack ) ဟူသော blockchain နည်းပညာတွင် အခြေခံလည်ပတ်နေကြခြင်း ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း OneCoin မှာ မည်သည့် blockchain နည်းပညာမှ မပါပဲ token ထုတ်ယူနေသည်မှာ ထို token တို့သည် cryptocurrency များ မဖြစ်နိုင်တော့ပါ။ လိုသလို ရိုက်ထုတ်ထားသော ကူပွန် အဆင့် သာရှိသော token / coin များသာ ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း OneCoin token သည် cryptocurrency token များမဟုတ်၍ မည်သည့် အခြားသော Cryptocurrency Exchanges site များတွင်မှ ဝယ်ရောင်း လုပ်နိုင်ခွင့်မရှိခဲ့ပါ။ သို့သော် လူအများက သတိမပြုမိသေး ၊ OneCoin Exchange site ရှိနေသေးသ၍ ငွေထုတ်ယူနေ၍ ရသောကြောင့် ဖြစ်ပါသည်။
၂၀၁၆ မတ်လ ၁ ရက်နေ့တွင် OneCoin Exchange site သည် မည်သည့်ကြော်ငြာချက်မှ မထုတ်ပြန်ပဲ ရုတ်တရက် ပိတ်သွားခဲ့ပါတော့သည်။ OneCoin တာဝန်ရှိသူတို့မှ Exchange site အား Maintenances လုပ်ရန်ဟူ၍ အကြောင်းပြခဲ့ကြပါသည်။
နှစ်ပတ်ကြာပြီးနောက် OneCoin Exchange site အားပြန်ဖွင့်ပေးခဲ့ပါသည်။ သို့သော်ယခင်က ဝယ်ရောင်းလုပ်ထားခဲ့ကြသော စာရင်းဇယားများ ၊ Transition History တို့မှာ လုံးဝပါမလာတော့ပဲ စာရင်းအသစ်နှင့် ဖြစ်နေပါတော့သည်။
ဤတွင် OneCoin အား ရင်းနှီးမြုပ်နှံထားသူတို့က OneCoin အား အခြားသော Exchanges site များတွင် ဝယ်ရောင်း မပြုလုပ်နိုင်ခြင်း အတွက် အသံများထွက်လာပါတော့သည်။ သို့သော် OneCoin တာဝန်ရှိသူများသည် DR.Ruja ဦးဆောင်ကာ ဂျာမန် ဘလောက်ချိန်း စရင်းကိုင် ရှေ့နေ နှစ်ယောက်အား ငှားရမ်းကာ မိမိတို့ OneCoin blockchain အားပိုမိုတိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နေကြောင်း OneCoin ရင်းနှီးမြုပ်နှံသူများအား ချပြခဲ့ကြပါသည်။
အမှန် တော့ထိုရှေ့နေ နှစ်ယောက်မှာ ငွေပေးထားသော ဟန်ပြ ပညာရှင်များသာ ဖြစ်ပါသည်။ ဤသို့ချပြလိုက်ပြီးနောက် OneCoin Investment အတွင်းသို့ ဝင်လာသော ငွေမှာ ယခင်ကထက် နှစ်ဆများပြားလာပါတော့သည်။ နိုင်ငံတကာ တွင်လည်း OneCoin မှ OneCoin ဖြစ်ကုန်ပါတော့သည်။
ဘူဂေးလ်ရီးယားမှ စခဲ့သော OneCoin သည် တနှစ်အတွင် ဥရောပ ၊ အမေရိကန် ၊ လက်တင်အမေရိက နှင့် အာရှနိုင်ငံများအားလုံးသို့ ပြန့်နှံရောက်ရှိသွားပါတော့သည်။ အာရှတွင် OneCoin ၏ အကျိုးသက်ရောက်သော နိုင်ငံများတွင် တရုတ်နိုင်ငံ သည် အဆိုးဆုံးဟုဆိုကြပါသည်။
အန္ဒိယ ၊ ပါကစ္စတန် ၊ ဗီယက်နမ် ၊ မလေးရှား ၊ စင်္ကပူတို့လည်း မလွတ်ပါ။ မြန်မာနိုင်ငံ လည်းပါသည် မပါသည်တော့ ကျွန်တော်မသိပါ။ ၂၀၁၆ နှစ်ဦးပိုင်း ဖြစ်သောကြောင့် ကျွန်တော် Cryptocurrency လောကသို့ မရောက်သေးသော အချိန် ဖြစ်ပါသည်။
ထိုအချိန်က ကျွန်တော်လည်း ဤလောကတွင် ကျင်လည်နေသူတယောက်ဖြစ်လျင် ဤမျှ နာမည်ကြီးနေသော OneCoin နှင့် တနည်းမဟုတ် တနည်းပါဝင်ပတ်သက်မိမှာသေချာပါသည်။ ဆိုခဲ့သည့် အတိုင်း OneCoin သည် နိုင်ငံတကာရှိ လောဘကြီးသူများအားဒုက္ခပေးရန် အင်အားကြီးကြီးဖြင့် ခြေလှမ်းနေခဲ့ပါတော့သည်။
တခုအံ့ဩဖို့ကောင်းသည်မှာ နိုင်ငံတကာတွင် ဤ OneCoin လိမ်လည်မှုအား ဦးဆောင်ကြသူတို့မှာ ပညာတတ်အသိုင်းအဝိုင်းမှ ဖြစ်သောကြောင့် အယုံလွယ်သူ ပိုများလာကြခြင်း ဖြစ်ပါသည်။ ပညာတတ်သူတို့ ဦးဆောင်ကြသောကြောင့် မလိမ်တန်ရာ ၊ ဒုက္ခမရောက်တန်ရာဟူ၍ ယူဆခဲ့ကြဟန်ရှိပါသည်။
ဤသို့ဖြင့် OneCoin Network သည် ကမ္ဘာ အရပ်ရပ်တွင် ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ရှိလာသောအခါ နိုင်ငံအသီးသီးရှိဘဏ်များက OneCoin investors များအား သတိပေးလာပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် OneCoin investment အတွင်းသို့ ဥရောပမှ ငွေမဲများ နှင့် လက်တင်အမေရိကမှ မူးယစ်မှောင်ခိုများနှင့် မကင်းသော ငွေမည်းများ အသောမတတ်စီးဝင်လာနေသောကြောင့် ဖြစ်ပါသည်။
ထိုအချိန်တွင် OneCoin ၏ Founder Dr.Ruja နှင့် တာဝန်ရှိသူများက OneCoin ၏ လိမ်လည်မှုအား ဖုံးကွယ်နိုင်ရန် တကယ့် Blockchain အစစ်အားဖန်တီးရန် ကြိုးစားလာပါတော့သည်။ ထိုအချိန်တွင် OneCoin အတွင်းလည်ပတ်နေသော ငွေကြေးများမှာ ဒေါ်လာ ၄ ဘီလီယံ နှင့် ၁၉ ဘီလီယံကြားတွင် ရှိနေပါတော့သည်။
ထိုငွေကြေးများတွင် ကမ္ဘာအရပ်ရပ် မှ Investment များပါဝင်သလို ငွေမဲများလည်း ပါဝင်ပတ်သက်နေသောကြောင့် မည်သည့် Blockchain ပညာရှင်မှ ထို OneCoin အရှုပ်အတွင်းသို့ ဝင်ရောက်၍ Blockchain အစစ်တခု ဖန်တီးပေးရန် မဝံ့ကြပါ။
အဘယ့်ကြောင့် ဆိုသော် Blockchain ပညာရှင်တို့က OneCoin တွင် မည်သည့် Blockchain မှ မရှိသည်ကို သိထားကြသလို Blockchain ရှိပြီးသားဆိုလျင်လည်း OneCoin အနေဖြင့် သူတို့၏ Blockchain နည်းပညာနှင့် ထုတ်ယူထားသော OneCoin cryptocurrency များအား အခြားသော Exchange site များတွင် ဝယ်ရောင်းပြုလုပ်နိုင်ရမည်ကို သိထားသောကြောင့်ဖြစ်ပါသည်။
ဤအခြေအနေတွင် တရုတ်နိုင်ငံအတွင်းရှိ OneCoin Investment ဦးဆောင်သူတို့ကလည်း သူတို့နည်းသူတို့ဟန်ဖြင့် Blockchain အစစ်တခုဖန်တီးကာ သူတို့လည်ပတ်နေသော OneCoin token များအား Cryptocurrency token ဖြစ်လာစေရန်ကြိတ်၍ကြိုးပမ်းကြပါလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် တရုတ် တို့၏ OneCoin investment ပမာဏသည် ဒေါ်လာ ၁.၇ ဘီလီယံအထိရှိလာသောကြောင့် သူတို့အနေဖြင့်လည်း ဤမျှများပြားသော ငွေပမာဏအား ဆက်လက်၍ လိမ်လည်စရာမလိုပဲ နည်းပညာတွင် အခြေခံသော Blockchain အစစ်တခုအား ဖန်တီးလိုခြင်း ဖြစ်ပါသည်။
တရုတ်တို့က Bjorn Bjercke အမည်ရှိ Blockchain ပညာရှင်အား တလ ဒေါ်လာ ၂၅၀၀၀၀ နှင့် နေစရာ ကွန်ဒို နှင့် စီးစရာကားလည်း ပေး၍ သူတို့ OneCoin အတွက် blockchain ဖန်တီးပေးရန်နှင့် သူ့အားလည်း Global CTO for OneCoin ဟူသောရာထူးယူရန်လည်း ကမ်းလှမ်းခဲ့ပါသည်။
အမှန်တော့ တရုတ်တို့ အနေဖြင့် သူတို့ OneCoin အတွက် ခေါင်းခံပေးမည့်သူ လိုက်ငှားနေခြင်း ဖြစ်ပါသည်။ ထို Blockchain ပညာရှင်လည်း တရုတ်တို့၏ ကမ်းလှမ်းချက်အား လက်မခံခဲ့ပါ။ ဆိုခဲ့သည့် အတိုင်း မည်သည့် blockchain ပညာရှင်မှ OneCoin အရှုပ်တော်ပုံအတွင်သို့ အငှားဗိုက်ဖြင့် ဓားထိုးခံရန် မဝင်ရောက်လိုကြပါ။ ဤသို့ဖြင့် Blockchain မရှိသော OneCoin အမည်ရှိ Cryptocurrency အတုသည် ပြင်ပလောကတွင် ပေါက်ကွဲရန် အခြေအနေတခုသို့ ဆိုက်ရောက်လာပါတော့သည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung (Kachin)