မင်္ဂလာပါ။ ယခုရေးသားမည့် အကြောင်းအရာသည် လွန်ခဲ့သော ရက်အနည်းငယ်က @callmemaungthan ရေးသားထားသည့် စင်္ကပူ သို့ သွားရောက် အလုပ်လုပ်လိုသည့် အကြောင်း ရေးသားထားသည်အား ဖတ်မိ၍ စင်္ကပူတွင် မည်သို့ အလုပ်ရှာရမည့် အကြောင်း ကျွန်တော်သိသလောက် ရေပြလိုရင်း ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် အေဂျင်စီ ဖွင့်ထားသူ မဟုတ်ရကာ အသေးစိတ်တော့ မသိပါ။ သို့သော် လိုအပ်သည့် အကြောင်းအရာ များလောက်တော့ ဖေါ်ပြပေးလိုက်ပါသည်။ မိတ်ဆွေအနေဖြင့် Professional တယောက်ဆိုလျင်တော့ ကိစ္စမရှိပါ ( ဥပမာ အင်ဂျင်နီယာ / Programmer / Software Engineer စသည်ဖြင့် ) ။
သို့မဟုတ် သာမန် အလုပ်ကြမ်းဖြင့် သွားရောက်လုပ်ကိုင်မည် သင်္ဘောကျင်း လုပ်သား / ဆောက်လုပ်ရေး လုပ်ငန်းခွင် လုပ်သား အနေဖြင့် ဆိုလျင်တော့ အေဂျင်စီ ဖြင့်သွားရမည် ဖြစ်ပါသည်။ ယခု အချိန်ဆိုလျင်တော့ အလိမ်မခံရအောင် သတိပြုရမည် ဖြစ်ပါသည်။ အလိမ်ခံရလျင် မည်သည့်နေရာ တိုင်ရမည်မှန်းမသိ ဖြစ်သွားပါလိမ့်မည်။
ဆိုတော့ ယခု ရေးပြမည့် အကြောင်းအရာများသည် Professional တယောက် အနေဖြင့် စင်္ကပူ သို့ အေးဂျင့် Fee ပေးစရာမလိုပဲ အလုပ်ရှာ နိုင်သော နည်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် မိတ်ဆွေတွင် အနည်း ဆုံး သက်တမ်း ၁ နှစ်ရှိသော Passport အဆင်သင့်ရှိနေရမည် ဖြစ်ပါသည်။ Passport မှာ PJ ( passport for job ) အမျိုးအစား ဖြစ်ရပါမည်။ PV ( passport for Visit ) မှာ အလည်အပတ် ခရီးသွား ရန် အတွက်သာ ဖြစ်ပါသည်။
ဟိုယခင်ကတော့ Passport ဆိုလျင် တမျိုးတည်း ဖြစ်ပါသည်။ ယခုတော့ PV / PJ နှစ်မျိုး ခွဲလိုက်ပြီ ဖြစ်ပါသည်။ ဒုတိယအချက် အနေဖြင့် မိတ်ဆွေ အနေဖြင့် Professional တယောက် ဖြစ်သော ကြောင့် Computer အား ကျွမ်းကျင်စွာ အသုံပြုနိုင်မည်ဟု ယုံကြည်ပါသည်။ Microsoft Word / Excel / Power point စသည်ဖြင့် ။
တတိယအချက် အနေဖြင့် အင်္ဂလိပ်စာ / စကား အတန်အသင့် ရေးနိုင်ပြောနိုင်ရပါမည်။ ပြင်ဆင်ရမည့် အချက်များမှာ မိမိ၏ CV ( Curriculum Vitae ) အား အင်္ဂလိပ် ဘာသာဖြင့် အကောင်းမွန်ဆုံးရေးသားပါ။ ပြင်ပတွင် ရောင်းသော CV form ဖြည့်ထားရုံ လောက်မျှဖြင့် စင်္ကပူသို့ အလုပ်လျှောက်လျင် အထင်သေးခံရပါလိမ့်မည်။
အကောင်းဆုံး နမူနာ ယူလိုလျင် Microsoft Word ၏ templates များထဲတွင် Creative Resume အများအပြားရှိပါသည်။ သင့်တော်သလို ယူသုံးပါလေ။ ထို့နောက် မိမိ ဓါတ်ပုံ Soft-copy / Resume / မိမိပိုင်ဆိုင်သော Certificate များ / ဘွဲ့လက်မှတ် သင်တန်း ဆင်း လက်မှာများအား Scan ဖတ်၍ Google Drive တွင် သိမ်းဆည်းထားပါ။
ဖုန်းကင်မရာ ဖြင့် ဓါတ်ပုံမရိုက်ပါနှင့်။ Photocopy ဆိုင်တွင် Scan ဖတ်ကာ thumb drive ဖြင့် ထည့်ယူလာကာ မိမိ Computer ဖြင့် Google Drive တွင် သိမ်းထားပါ။ အထူးသတိပြုရန်မှာ Scan ဖတ်၍ ထွက်လာသော Documents များမှာ PDF file များ ဖြစ်ပါသည်။ မိတ်ဆွေအနေဖြင့် Documents များအား JPEG file များ ဖြင့် သိမ်းဆည်းထားရမည် ဖြစ်ပါသည်။
PDF မှ JPEG ပြောင်းရန် Photocopy ဆိုင်တွင် လုပ်ခိုင်း၍ လည်းရသလို မိမိဖာသာ Google တွင်လည်း Free ပြောင်းနိုင်ပါသည်။ Documents အားလုံး အဆင်သင့် ဖြစ်လျင် အလုပ်လျှောက်၍ ရပါပြီ။ ပထမဦးစွာ https://www.jobstreet.com/ တွင် မိမိ အကောင့် ဖွင့်လိုက်ပါ။ သူညွန်ပြသည့် အတိုင်း အဆင့်တခုပြီးတခု ပြုလုပ်ဆောင်ရွက်ပါ။
ဥပမာ မိမိက Civil Engineer အလုပ် လျှောက်လိုသည် လစာ နှုန်းထား မည်မျှ နှင့် စသည်ဖြင့် မိမိ မျှော်မှန် လစာများအား ဖြည့်ပေးရပါသည်။ Cryptocurrency Exchange site တွင် အကောင့် ဖွင့်ဘူး သူမှန်သမျှ ဤ JobStreet အကောင့်လောက်ကတော့ အသာလေး ဖြစ်ပါလိမ့်မည်။
ဤသို့ JobStreet က မိမိ လျှောက်ထားသော အလုပ် Position အား အလုပ်သမား ရှာနေသည့် ကုပ္မဏီ များ အား ပြပေးနေမည် ဖြစ်ပါသည်။ အလုပ်သမား ရှာနေသော ကုမ္ပဏီ များကလည်း သူတို့ရှာနေသော အလုပ်သမား နှင့် မိမိ နှင့် ကိုက်ညီနေလျင် JobStreet မှ တဆင့် သို့မဟုတ် မိမိ၏ Gmail မှ တဆင့် ဆက်သွယ်လာပါလိမ့်မည်။
ယခင်ကတော့ ဖုန်းဖြင့် အင်တာဗျူးပါသည်။ ယခုကတော့ Zoom ဖြင့် ပြောမည်လား / Google meeting ဖြင့် ပြောမည်လား / Whatapp FaceTime ဖြင့် ပြောမည်လား ကြိုက်သလို အင်တာဗျူးနိုင်ပါသည်။
ဤနေရာတွင် အဆင်ပြေ၍ တဖက်မှ အလုပ်ရှင်က မိမိအားအင်တာဗျူးသည့် အပေါ်သဘောကျလျင် မိမိအား ရွေးချယ်လိုက်ကြောင်း၂ ရက် ၃ ရက် အတွင် Email မှ အကြောင်း ပြန်လာပါလိမ့်မည်။ ထို့နောက် ၂ ပတ်ခန့်အကြာတွင် မိမိအား Email ဖြင့် စင်္ကပူ အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ခေါ်စာ ပို့ပေးပါလိမ့်မည်။ မိမိက လေယာဉ် လက်မှတ်ဝယ်ပြီး သွားလိုက်ရုံသာ ဖြစ်ပါသည်။
ဤတွင် စင်္ကပူ သို့သွားရန် လေယဉ် လက်မှတ်မည်သို့ ဝယ်ရမည် / မည်သည့် နေရာတွင် နေထိုင် မည် / Visa လို မလို စသည့် အသေးစိတ် ကိစ္စအား ချန်လှပ်ထားခဲ့ပါမည်။ အသေးစိတ် အချက် အလက်များ သိလိုလျင် ကျွန်တော့ထံသို့ CB မှ အကူအညီ တောင်း နိုင်ပါသည်။
အထက်တွင် ဖေါ်ပြခဲ့သော နည်းလမ်းမှာ အလုပ်ရှာသည့် Website များ ဖြင့် အလုပ်ရှာ ခြင်းဖြစ်ပါသည်။ နောက်တနည်း မှာ ထို အလုပ်ရှာသည့် Website တွင် နေ့စဉ် နှင့်အမျှ အလုပ်ခေါ်သော Post များ အများအပြား တက်လာပါသည်။
ထိုအလုပ်များထဲတွင် မိမိနှင့် ကိုက်ညီသော အလုပ်ဖြစ်ပါက ထိုအလုပ်ခေါ်သည့် ကုမ္ပဏီအား မှတ်ထားပါ။ ထို့နောက် Google ခေါက်ပြီး ထိုကုမ္ပဏီ ၏ website ထဲသို့ ဝင်ကြည့်ပါ။ ကုမ္ပဏီ Website ထဲရှိ Contact Info / Contact Us နေရာတွင် email လိပ်စာ တွေ့ပါလိမ့်မည်။ ထို့ နောက် ထို email ထဲသို့ မိမိ ကိုယ်တိုင် မိတ်ဆက်စာရေးပြီး လူကြီးမင်း တို့၏ အလုပ်သမား ခေါ်သည့် post အား တွေ့မိပါကြောင်း မိမိဘယ်သူဘယ်ဝါ ဘာညာ ဖြင့် မိမိ Resume နှင့် တကွ မိမိပိုင် ဆိုင်သော Certificate များအား Email နှင့် တပါတည်း attach လုပ်၍ ပို့လိုက်ပါ။
ဤနေရာတွင် သတိထားရမည်မှာ တဖက်သို့ မိမိကစပြီး မိတ်ဆက်စာရေးသည် ဖြစ်သည့်အတွက် ထော့ကျိုး English ဖြစ်၍ မရသလို Hi , How are you . I hope you are well . လောက်နှင့် မရသည်ကတော့ သေချာပါသည်။ မိမိကိုယ်တိုင် မရေးတတ်လျင် တတ်ကျွမ်း နားလည်သူများအား အကူအညီတောင်း၍ ကောင်းမွန်သော မိတ်ဆက်စာ ဖြစ်အောင် ရေးစေချင်ပါသည်။
ထိုကုမ္ပဏီက မိမိအား စိတ်ဝင်စားလျင် တရက် အတွင်း အကြောင်းပြန်လာပါလိမ့်မည်။ ဤနည်းက ပို၍ မြန်ပါသည်။ စင်္ကပူတွင် ကုမ္ပဏီ ပေါင်း ထောင် ပေါင်းများစွာရှိပါသည်။ မိမိမည်သည့် အလုပ်မျိုး လိုချင်သည်ကို မည်သို့ ရအောင်လုပ်ယူမည့် နည်းသိရန်သာ လိုပါသည်။
ကျွန်တော် ဤကဲ့သို့ ရေးပြလိုက်သော ကြောင့် စင်္ကပူတွင် အလုပ်ရှာရတာ လွယ်တာပဲ ဟူ၍ မယူဆစေလိုပါ။ အခက်ခဲပေါင်းများစွာ ကျန်ပါသေးသည်။ ထိုအခက်ခဲများထဲ မှ တခုဖေါ်ပြပေးလိုပါသည်။ အခြား မဟုတ်ပါ။ စင်္ကပူ နိုင်ငံသားတို့ ပြောကြသော အင်္ဂလိပ်စကား ဖြစ်ပါသည်။ သူရို့ ပြောသော အင်္ဂလိပ်စကား အားမိမိ နားလည်း နိုင်ပါသလား သိလိုလျင် အောက်တွင် ဖေါ်ပြပေးထားသော video Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မိတ်ဆွေအနေဖြင့် နောက်ဆုံး Link ဖြစ်သော Kumar ပြောသည် အင်္ဂလိပ်စကားအား နားလည်နိုင်၍ရယ်မော နိုင်သည် ဆိုလျင်တော့ စင်္ကပူ တွင် အလုပ်လုပ်ရန် မဟုတ်ပါ တသက်သာ နေထိုင်၍ ရပါပြီ။
Henry Aung ( Kachin )
12/08/2022 - Friday - 19;00 Pm