ဒီရက်ပိုင်းမှာ ရေးလက်စဖြစ်တဲ့ "ချစ်လို့ယူထား ဘယ်သူမှားလဲ" ဆိုတဲ့ အခန်းဆက်ကို ဆက်ရေးဖို့ စိတ်က သိပ်မပါဘူး။ ဇာတ်လမ်းကလည်း သိပ်တော့ မကျန်တော့ပါဘူး။ ဇာတ်သိမ်းပြစ်လိုက်လို့ရပေမယ့် အဲ့ဇာတ်လမ်းကို မစဉ်းစားချင်သေးလို့ ကိုယ်လက်သွက်တဲ့ တူလေးနဲ့ ကားစီးရင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရေးလိုက်ပါတယ်။ ရေးရင်းနဲ့ လက်သွက်လာ တော့ စာရှည်သွားလို့ နှစ်ပိုင်းခွဲရေးပါ့မယ်။
ကျမကမန္တလေးသူဆိုပေမယ့် မန္တလေးမြို့ရဲ့ နေရာအနှံ့ကို မရောက်ဖူးသေးဘူးဆိုတာ တူလေးနဲ့အတူ ကားလိုက်စီးတော့မှ သိလိုက်ရတယ်။ မရောက်ဖူးဘူးဆိုတာ ရပ်ကွက်အစုံ၊ မြို့သစ်တစ်ခွင်၊ ကိုပြောတာပါ။ အထင်ကရနေရာတွေတော့ ရောက်ဖူးတာပေါ့။ ကျမ တူလေးက သူ့နယ်မြေ မန္တလေးမြို့ မပြောနဲ့ တစ်ခါမှ မရောက်ဖူးတဲ့ ဒေသတောင် GPS ဖွင့်ပြီး သွားတာ။
ရောက်ဖူးတဲ့နေရာဆိုလည်း ဒီလမ်းကို ကျွမ်းကျင်သွားရင် နောက်ထပ် အဲ့နေရာကို လမ်းသစ်ရှာပြီး သွားတာ။ လမ်းမှားလည်း ပြန်ကွေ့ပေါ့။ ကားမောင်းကလည်းကျွမ်း၊ စူးစမ်းချင်စိတ်ကလည်း အပြည့်ဆိုတော့ သူ့အတွက်က မျက်စေ့လည်လေ ခရီးရောက်လေထင်ပါ့။
စူးစမ်းတာ ဆိုလို့ပြောရအုံးမယ်။ ကျမတူရဲ့မိန်းမက စဉ့်ကိုင်မြို့က ရွာ တစ်ရွာကရယ်။ အဲ့ရွာကနေ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရောက်ဖို့ တူးမြောင်းရှည်ကြီးတလျှောက်မောင်းလာပြီး ရွာတွေအစဉ်အတိုင်း ဖြတ်ရတယ်။ ကျမတူနဲ့ညားတော့ တူလေးက သူတို့သွားနေကျ လမ်းမဟုတ်ဘဲ တခြားလမ်းတစ်ခုကနေ သူ့မိန့်မရွာကိုသွားတော့ အဲ့ရွာမှာကြီးပျင်းခဲ့တဲ့ သူ့မိန်းမက တူလေးခေါ်သွားတဲ့လမ်းကို မသိဘူးတဲ့။ အဲ့လိုပါဆို။
နောက်တစ်ခေါက်ကျ ဟိုတလောတုန်းကပေါ့။ စဉ့်ကိုင်ကအပြန် မြစ်ငယ်နားမှာ အစစ်အဆေးတွေရှိတော့ အဲ့နေရာမရောက်ခင် လမ်းတစ်လမ်းကို ကွေ့ပြီး ဝင်လိုက်တာ။ ပြန်ထွက်တော့ အဲ့စစ်တဲ့ နေရာ အလွန်ကိုရောက်သွားရော။ နောက်တခါထပ်သွား ထပ်တွေ့ ထပ်ကွေ့ ပြီးသွားတော့ ပထမသွားတဲ့လမ်းမဟုတ်တော့ဘူး။ နောက် တစ်နေရာ ဖြစ်နေပြီ။
ကျမဖြင့် မန္တလေးမှာနေတာကြာလှပြီ။ အဲ့နေရာ၊ အဲ့ရပ်ကွက်ကို အဲ့ဒီ တစ်ခေါက်ပဲ ရောက်ဖူးတယ်။ စက်ရုံတွေ၊ လူနေအိမ်တွေနဲ့ရောထွေးနေတာပဲ။ ဘယ်လိုပြောရမလဲ။ ရပ်ကွက်တွေထဲက အိမ်လေးတွေကြည့်ရတာ သဘောကျသလိုမျိုး။ ကိုယ်တွေက တသက်လုံး ဝန်ထမ်းတိုက်ခန်းမှာပဲ နေခဲ့ရတာဆိုတော့လေ။ အိမ်လေးတွေကို လိုက်ကြည့်ရတာကို သဘောကျမိတာ။
တချို့အိမ်တွေကျ ခြံဝန်းကျယ်နဲ့ အိမ်လှလှလေးတွေ၊ တချို့ကျ ဆယ်ပေလောက်မြေနေရာလေးကို ကပ်ကပ်သပ်သပ် ဆောက်ထား တာ။ တချို့အိမ်တွေကလှပေမယ့် တချို့ကျ အိမ်လို့ခေါ်လို့ရရုံပဲ။ အိမ်လေးတွေကိုကြည့်ပြီး ကိုယ့်အိမ်ကျ ဘယ်လိုဆောက်မယ်လို့ စိတ်ကူးဖဲရိုက်ရတာပေါ့။
အိမ်ဆိုလို့ ပြီးခဲ့တဲ့လတုန်းက မြေကွက်လေးတစ်ကွက်ဝယ်ဖို့လိုက် ကြည့်တာ။ လူပြောများတဲ့ မဲခင်းကုန်းကိုသွားကြည့်တာ။ အဲ့ကမှ တဆင့် ဘူးကုန်း၊ သဲကုန်း၊ တဲကုန်း အဲ့နေရာတွေကို တူလေးက GPS ဖွင့်ပြီး လမ်းကြောင်းရှာ မြေကွက်တွေလိုက်ပြတာ။ အဲ့နေရာတွေက အရစ်ကျနဲ့ ဝယ်လို့ ရတယ်လေ။
တချို့နေရာလေးတွေတော့ ကောင်းပါရဲ့။ တချို့နေရာတွေက မြေရိုင်း သက်သက်၊ ခြုံတွေ၊ ဗွက်တွေ၊ ရေအိုင်တွေနဲ့။ ကားကို ဖြည်းဖြည်းချင်းမောင်းပြီး လမ်းအတိုင်းလိုက်ပြတာ။ အဲ့ ကုန်းတွေ နေရာကနေ လမ်းမကြီးပေါ်ထွက်လိုက်တော့ ပုသိမ်ကြီးရေထွက် ဆိုတဲ့နေရာ ရောက်ရော။
အဲ့တစ်ခေါက်ကကျ ကားစီးရတာ မပျော်ဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်ငွေနဲ့က အဲ့နေရာမျိုးပဲနေလို့ရမှာ။ ကိုယ်က အဲ့ဒီ သဲကုန်း၊ တဲကုန်းလိုနေရာမျိုးကို မနေနိုင်ဘူးဆိုတာသိလို့။ အဲ့လိုစိတ်ညစ်လေလေ မအလကိုအော်ဆဲချင်လေပဲ။ သူ့ကြောင့်ဒီလိုမျိုး ဒုက္ခရောက်ရတာ။ ကိုယ်က အိမ်ဝယ်ဖို့အစီအစဉ်ရှိပေမယ့် ချက်ချင်းဝယ်ဖို့ စိတ်ကူးမရှိသေးဘူး။ အိမ်ပြန်ရောက်တော့ စိတ်ညစ်တာမှ ထမင်းကို မစားနိုင်ဘူး။ ခုတော့ အဆင်ပြေသွားပါပြီ။
ဆက်ရန်ရှိပါသေးသည်။
@nweoomon
27-12-2021