တစ်ရက်ပြီးတစ်ရက်အချိန်တွေကုန်ဆုံးနေကြရတယ်..တချို့လူတွေက စီးပွားတွေရှာလို့ တချို့လူတွေက ကုသိုလ်တွေရှာလို့ တချို့က ပညာကို ရှာနေကြရတယ်။
ဒီနေ့ဒီခေတ်မှာ ရှာကြမှပဲ စားရတော့တာ ဖြစ်တယ်..ရှာကြမှပဲ ရတော့တာ ဖြစ်ပါတယ်..ရှာဖွေမှုကို ရပ်တန့်ပြီး ရောင့်ရဲကျေနပ်နေလိုက်တော့လည်း ပညာမှာသာဆို ခေတ်နဲ့အဆက်ပြတ်လိုက်တာနဲ့ မျက်ဖြေပြတ်ပြီး ကျန်ခဲ့ရတော့တာပါပဲ။
နည်းပညာကို အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြတဲ့ ရှာဖွေနေကြတဲ့ ခေတ်မှာ ရှာဖွေရင်း တွေ့ရှိရင်းနဲ့ပဲ တိုးတက်လာကြတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို အခြေအနေကို ရောက်လာခဲ့တာဟာ ရှာဖွေနေကြလို့ဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှကုန်ဆုံးနေကြတဲ့အချိန်တွေထဲမှာ ဥစ္စာရရင်ရ ဥစ္စာမရရင် ကုသိုလ်ရမှ ဥစ္စာလည်းမရ ကုသိုလ်လည်း မရရင် ပညာရအောင် ရှာရမယ်လို့ ဆိုထားကြပါတယ်။
ကျွန်မတို့ခေတ်မှာ ပိုပြီးတော့တောင် လိုအပ်ပါအုံးမယ်။ တိုတောင်းလာတဲ့ လူ့သက်တမ်းနဲ့အပြိုင် ရောဂါတွေပေါ်လာကြ နည်းပညာတွေပိုပြီးတိုးတက်လာကြ နဲ့ ကျွန်မတို့တွေက ပိုပြီး သိဖို့ ပိုပြီး ခေတ်ကို အမီလိုက်နိုင်ဖို့ တစ်ရက်စီ တစ်ရက်စီတိုင်းမှာ တစ်ခုခုကို ရအောင် ပိုပြီး ကြိုးစားရှာဖွေ ဖမ်းဆုပ်ကြရမှာပါ။
ရောဂါ အသစ်အဆန်းတစ်ခုပေါ်လာတဲ့အခါ ကုထုံးအသစ်ကို မဖြစ်မနေ ရှာဖွေကြရပါတယ်။ဒါဟာ ပညာကို ရှာဖွေခြင်းပါပဲ။
ကျွန်မတို့ဟာ ဖုန်းအကောင်းစား တစ်လုံးလောက်လိုချင်တဲ့အခါ မဖြစ်မနေ ငွေကို ရှာရတော့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့တွေဟာ ကုသိုလ်ကို ရှာဖို့ကတော့ နည်းနည်းလေး နောက်ပို့ထားတတ်ကြလေ့ရှိပါတယ်။
ဒါလည်း အဲ့ဒီလောက် ခက်ခဲနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ အိပ်ချိန်မှာ ကိုယ့်တစ်နေ့တာကို ပြန်လှန်စဉ်းစားပြီး ငါ ဒီနေ့ဥစ္စာရသလား ပညာရသလား ကုသိုလ်ရသလားလို့ တွေးကြည့်လိုက်ပြီး ဥစ္စာလည်းမရ ပညာလည်း မရလိုက်ရင် ချက်ချင်းထပြီး ဘုရားရှိခိုးလိုက်တဲ့အခါ ကုသိုလ်တော့ ရသွားမှာပါပဲ။
ကျွန်မတို့ ခေတ်မှာပိုပြီး လောဘကြီးနေဖြစ်ကြတာက ဥစ္စာနဲ့ပညာကိုပါ။ ဥစ္စာနဲ့ပညာကို ရှာရင်းနဲ့ အသက်ကြီးသွားတဲ့အခါမှသာ ကုသိုလ်ကို ရှာလိုက်ကြတော့တာ ဖြစ်ပါတယ်။
အချိန်မရွေးသေဆုံးခြင်းကို လက်ခံနေသမျှတော့ ကျွန်မတို့တွေဟာ ကုသိုလ်ကိုလည်း တွေးရပါလိမ့်မယ်။ ဘုရားရှိခိုး တရားထိုင် အလှူပေးမှ ကုသိုလ်တော့ မဟုတ်ပါဘူး။
တရားတဲ့အလုပ်ကို လုပ်နေတဲ့အခါ မတရားတဲ့အလုပ်ကို မလုပ်ဖြစ်တော့တာဟာ ကုသိုလ်အလုပ်ပါပဲ။မှန်ကန်သော စီးပွားရှာခြင်းနဲ့ စီးပွားရေးလုပ်တာ ကုသိုလ်အလုပ်ပါပဲ။ စီးပွားရှာ ပညာရှာရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်လို့ရပါတယ်။
ငါ့ထက်သာမနာလိုဆိုတာ ဖြစ်ကြမဲ့အစား ကိုယ့်ထက်သာသူတွေကို မုဒိတာပွားပေးတာတို့ ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ စိတ်နဲ့ မုဒိတာပွားပေးတာတို့ ငါ ဆိုတဲ့လောဘတစ်ခုထဲကို မကြည့်ပဲနဲ့ မှန်ကန်တရားနည်းလမ်းတကျ ပြုမူနေထိုင်တာတို့ လုပ်တာဟာ ကုသိုလ်တွေပါပဲ။
ဘာကိုပဲရှာရှာ မောရတာပါပဲ ..ကိုယ်လိုချင်သလောက်မရသေးရင် မောနေရအုံးမှာပါပဲ။ကိုယ့်လောဘအလျောက်တော့ မောနေကြရအုံးမှာပါပဲ...
ကျွန်မတို့ဟာ ရှာဖွေခြင်းတွေကို မရပ်တန့်သရွေ့တော့ လောဘနဲ့ ဒေါသနဲ့ မောဟနဲ့ ဖြစ်နေကြရအုံးမှာပါ။ အဲ့ဒီလို ရှာဖွေခြင်းတွေကို လုပ်နေစဉ်မှာပဲ ကိုယ်ချင်းစာဆိုတဲ့ စာလေးတစ်လုံးကိုလည်း တတ်ဖို့ ကြိုးစားကြပါလို့ ပြောလိုက်ချင်ပါတယ်။
အဆင်ပြေကြပါစေ....
I'm ATM.
@ayethatmon
Msu no 021
Photo credit by facebook.