တစ်ခါတုန်းကပေါ့ကွယ်....
စိတ်ကောင်းရှိတဲ့ စုန်းပေါက်စလေးတစ်ကောင်ဟာ ပန်းကန်ပြားပျံကိုစီးပြီး ခရီးလှည့်လည်ရင်း သာယာလှပပြီး ခမ်းနားထည်ဝါမှုရှိတယ်လို့ ထင်ရတဲ့ နေရာ တစ်ခုကို တွေ့လိုက်တာနဲ့ သူ့ပန်းကန်ပြားပျံကို ဆင်းသက်လိုက်သတဲ့...။
သူဟာ အတွင်းဖက်က လှပတဲ့ ဝတ်စုံကို အပြင်ဖက်က ဖက်ရှင်ဝတ်စုံနဲ့ ဖုံးအုပ် ဝတ်ဆင်ထားလေသတဲ့..။
မျက်လုံးတွေက စူးရှပေမဲ့ မျက်နှာကတော့ ပြုံးစိစိ ပြောင်စပ်စပ်နဲ့ အဲ့ဒီမြို့ထဲကို လမ်းဘေးမှာ ကောက်ရခဲ့တဲ့ သိုင်းကျမ်းစာအုပ် ပါးပါးလေး ကိုင်ပြီး ဝင်လာခဲ့သတဲ့ကွယ်..။
ရွာထဲ ဝင်ဝင်ချင်းမှာ သူ့ကို နွေးထွေးပျူငှါ ကြိုဆိုမှုနဲ့ ကြုံလိုက်ရတဲ့အခါ သူလည်း ဖော်ဖော်ရွေရွေ ပြန်ပြုံးပြပြီး ရွာထဲ ဆက်ဝင်ခဲ့ပါသတဲ့။
သူ့ရဲ့ အပြင်အဆင်ကို မြင်ကြတဲ့ တချို့အကောင်တွေက ထိုးဟောင်ကြသတဲ့။ ရန်လည်း လုပ်ကြသတဲ့။တချို့ကတော့ သူ့ရဲ့အပြုံးအတိုင်း တန်ပြန်ပြုံးပြကြသတဲ့..။
တချို့တွေက ဦးနှောက် အဆံပြန်ပြည့်ဖို့ ရေဆွတ်နေကြရင်း လှမ်းအော်ကြတယ်။
တချို့က ဝမ်းသာအားရ ကြိုဆိုကြရင်း သူ့ရဲ့ အပေါ်ယံ ဝတ်ရုံအတွင်းဖက်က လှပတဲ့ ဝတ်စုံကို သိမြင်ခွင့်ရကြတယ်။စုန်းပေါက်စလေးရဲ့ ဖော်ရွေတဲ့အပြုံးနဲ့ ဘဝအမော တချို့ ပြေခွင့်ရကြသတဲ့။
တချို့တွေကတော့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို အင်္ကျီဖားကြီးတွေ ဝတ်ပြီး ဖြူဖျော့တဲ့ မျက်နှာပျော့ပျော့ကို မာထန်ဟန်ဆောင်ပြီး ကြောက်စရာကောင်းလောက်အောင် အိမ်ရှေ့ကို ထွက်ပြီး ဖိန့်တယ်။သူတို့အိမ်တွေက သစ်ကိုင်းတွေကို လှုပ်ခါပြီး ခြောက်လှန့်ပြကြတာပေါ့။
စုန်းပေါက်စလေးကတော့ သူ့အပြုံးကို မပြောင်းလဲခဲ့ပဲ....ဦးညွှတ် နှုတ်ဆက်လိုက်သတဲ့ကွယ်..။
တစ်အိမ်မှာတော့ ကလေးတစ်ယောက်ဟာ သူ့အိမ်က လူကြီးတွေ မသိခင် သိုင်းဝတ္ထုစာအုပ်ထူကြီး ကိုင်လို့ စုန်းပေါက်စလေးကို ဟစ်အော် စိန်ခေါ်လေသတဲ့။သူ့စာအုပ်က ဘုရားစင်မှာ ထားတယ်...ပိုပြီး ထူတယ်ပေါ့....
စုန်းပေါက်စက သူ့လက်ထဲက မြေကြီးတွေပေနေတဲ့ သိုင်းကျမ်း စာအုပ် စုတ်လေးကို ငုံ့ကြည့်ပြီး ပြုံးပြလိုက်တော့ စုန်းပေါက်စရဲ့ လက်ထဲက သိုင်းကျမ်းကို တကယ်တတ်တဲ့ သူတောင်းစား ဂိုဏ်းက ဂိုဏ်းချုပ်ကြီးက အဲ့ကလေးရဲ့ အိမ်ရှေ့နားအရောက်မှာ အားလုံးကို မြင်တွေ့ သွားပြီး ဝင်ဖိုက်တော့တာပါပဲတဲ့..။ အဲ့ဒီတော့ ကလေးဟာ သူ့သိုင်းဝတ္ထုကြီးကို ပိုက်ပြီး အိမ်ထဲကနေ ဟစ်အော်နေလေတော့သတဲ့။
သူတောင်းစား ဂိုဏ်းချုပ်ဟာ အတော် ဒေါသထွက်သွားပေမယ့် ပိုင်နက်ကျူးလွန်မှု ဖြစ်မှာ ကြောက်လို့ နောက်ဆုတ်ပြီး စုန်းပေါက်စကို ကျိန်းသွားသတဲ့ကွယ်..။
" နောက်တစ်ခါ သူ့အိမ်ရှေ့မှာ သွားရပ်ရင် သတ်ပစ်မယ် "လို့ပေါ့..။ စုန်းပေါက်စက ပြုံးပြီး ဆက်ထွက်သွားသတဲ့..။
သူမဟာ တစ်လမ်းလုံး သူမကို ရယ်ပြရင် ရယ်ပြလိုက် ပြုံးပြရင် ပြုံးပြလိုက်....ရန်လုပ်ရင်လည်း ပြုံးပြလိုက်နဲ့ ဆက်လာခဲ့လိုက်တာ....စုန်းပေါက်စရဲ့ အဖြစ်တွေကို တစ်လမ်းလုံး စောင့်ကြည့်နေခဲ့တဲ့ ပါဝါရိန်းဂျား အနီကောင်က မနေသာတော့ပဲ စုန်းပေါက်စသွားရာလမ်းအတိုင်း လိုက်လာပြီး စုန်းပေါက်စကို ရန်ထောင်တဲ့သူမှန်သမျှကို လေဆာနှုတ်သီးနဲ့ ကောင်းကောင်းကြီး ဝင်ပစ်တော့တာ...အဲ့ဒီရွာကြီး ဝရုန်းသုန်းကား ဖြစ်နေတော့တာပါပဲတဲ့.....
နောက်နေ့အထိ စုန်းပေါက်စဟာ လျှောက်သွားနေရင်းနဲ့ ရန်လုပ်သူတွေ ထိုးဟောင်သူတွေ ပြုံးပြသူတွေ အားလုံးက သူ့ကိုကြည့်ကြတဲ့ အမြင်စုံကို စုံပလုံ စိနေအောင် အစုံမြင်အောင်ကြည့်ပြီး ပြုံးပြုံးကြီိး....သူ့ပန်းကန်ပြားပျံဆီကို ပြန်သွားလေသတဲ့...။
သူဟာ ပန်းကန်ပြားပျံထဲကနေ တစ်ရွာလုံးကို ပြုံးပြုံးကြီး ကြည့်ရင်းနဲ့ပဲ သူကောက်ယူခဲ့တဲ့ သိုင်းကျမ်းစာအုပ်စုတ်က ပေနတဲ့ မြေကြီးတွေကို ပွတ်ခါလို့ သိုင်းကျမ်းစာအုပ်လေးကို ခေါင်းအုံးပြီး အိပ်နေလိုက်တော့ သတဲ့ကွယ်။ ။
ပုံပြင်လေးကတော့....ဒါပါပဲကွယ်.....
I'm ATM.
@ayethatmon
MSU no 021.
Photo credit by google.