သို့
မေမေတို့ နေကောင်းကြရဲ့လား။ သား အားလုံးကို အရမ်း အရမ်း လွမ်းတယ်သိလား။ မေမေကိုလည်း သတိရတယ်။ ဖေကြီးကိုလည်း သတိရတယ်။ ညီမလေးကိုလည်း လွမ်းတယ်။ အထူးသဖြင့် ညညဆို အဲ့ဒီကိုအရောက် ပြေးလာချင်မိတယ်။ ကိုကြီးရော အလုပ်အကိုင် အဆင်ပြေရဲ့လား မသိဘူး။ အရင် လို ညစ်လုံး လုံးပြီး အရက်တွေ ချည်း လှိမ့်သောက်နေမယ် ထင်ပါရဲ့။
အရမ်း လွမ်းနေပေမဲ့လည်း ရောက်ရောက်ချင်းတော့ အထိုင်မကျသေးလို့ အဆင်မပြေဘူးဗျာ။ တော်တော်တော့ ဒုက္ခရောက်တယ်။ ကျွှန်တော် ဟိုးအရင်က ထင်ထားသလို မဖြစ်ခဲ့ဘူး။ ခုတောင်အိပ်မပျော်တဲ့ညတွေမှာ ဒီစာကိုရေးရင်းနဲ့ သတိရစိတ်တွေ ဖြေဖျောက်ခဲ့ရတယ်။
ညီမလေးက သည်နှစ် ဆယ်တန်းရောက်ပြီနော်။ အခုဆို အပျိုကြီးဖားဖား ဖြစ်နေပြီပေါ့။ ရည်းစားတွေ ဘာတွေရနေပြီလား ဟား ဟား။ ကျွန်တော်သိတယ် သူ နှုတ်ခမ်းစူနေပြီမလား။ ဟား ဟား နောက်တာပါ ဟ။ စာကို ကြိုးစားကွ ညီမလေးရေ။ ကိုလေးတော့ စာမလုပ်ဘဲ အလေလိုက်မိတာ အချိန်ဖြုန်းမိတာ မကောင်းဘူးဆိုတာ တော်တော် သဘောပေါက်နေပြီ ဟ။ ကိုလေး ပြန်လာရင် အသေးစိတ်ပြောပြမယ်နော် ညီမလေး။ အေး အေး ငါ့ညီမလေးက လိမ္မာပါတယ်ကွာ။
အစ်ကိုကြီးကော အနားမှာရှိနေလားမသိဘူး။ ကျွန်တော်တို့ အတူတူမထွက်ဖြစ်တာ ကိုကြီးကံကောင်းတယ်လို့လည်း ပြောလို့ရတယ်၊ ကံဆိုးတယ်လို့လည်း ပြောလို့ရတယ် ကိုကြီးရေ။ ကံဆိုးတာကတော့ ကျွန်တော်ပေါ့ဗျာ။ ဒီမှာတစ်ယောက်တည်း ဖြစ်နေတယ်လေ။ တိုင်ပင်ဖော် တိုင်ပင်ဖက်မရှိဘူးပေါ့။ အဲ့ဒီလိုအချိန်ဆို ကိုကြီးကို သတိရဆုံးပါပဲ။ ကံကောင်းတာကတော့ ဒီကဒုက္ခတွေကို ကိုကြီးမခံစားရတော့ဘူးပေါ့။ ကိုကြီးလည်း အဲ့ မှာ အဆင်မပြေဘူး ဆိုပေမဲ့ အဆင်မပြေတာချင်းအတူတူ ဒုက္ခရောက်တာချင်းအတူတူ အနည်းဆုံးတော့ မိသားစုကို လွမ်းစရာမလိုဘူးပေါ့လေ။ အစ်ကိုကြီးက အိမ်ကွင်းမှာလေ။ ကျွန်တော်ကတော့ အဝေးကွင်းဆိုတော့ ကိုယ်တွေ့ချင်တဲ့မိသားစုကို အလွယ်တကူ မတွေ့နိုင်ဘူး။ ဘာဖြစ်ဖြစ် တစ်ယောက်တည်းပဲ ကြိတ်ခံငုံ့ခံနေရတယ်။ တစ်ခါတစ်လေ ပေါက်ကွဲချင်ပေမယ့် သူများနိုင်ငံမှာဆိုတော့ အရိပ်အကဲပဲ ကြည့်နေရတယ်လေ။
မေမေနဲ့ဖေဖေလည်း ကျန်းမာရေးကိုဂရုစိုက်ပါ။ ဖေဖေကိုလည်း ပြောလိုက်ပါ။ ကျန်းမာရေးကို လိုက်စားပါလို့ ဖေဖေ ကျန်းမာနေမှ သားပြန်လာရင် ဆူနိုင် ဆဲနိုင်မှာ လေ။ ဟား ဟား ဖေဖေ သားကို ဆဲနေပြီ မလား မေမေ။ မေမေလည်း အအေးမမိ စေနဲ့နော်။ မီးယပ်ချမ်း ထနေမှာစိုးလို့ပါ။ မေမေက ဖြစ်တတ်တယ်လေ။ ဂရုစိုက်ပါမေမေ။ ဒီလကုန်ရင်တော့ သားပိုက်ဆံပို့ပေးနိုင်ပါပြီ။ အဲ့ဒီပိုက်ဆံတွေနဲ့ အကြွေးတွေ အရင်ဆပ်လိုက်ပါမေမေ။ အကြွေးတွေ ဆပ်လိုက်ရင် တော့ ငွေက ပို ပါ့မလား မသိဘူး။ ဒါပေမဲ့ အကြွေးကို အရင်ဆုံး ကျေအောင် ဆပ်လိုက်ပါ မေမေ။ အကြွေးကင်းတော့ မပူပင်ရဘူးပေါ့။ နောက်လတွေမှာတော့ ကျွန်တော်ပို့လိုက်တဲ့ ငွေကို စိတ်ကြိုက် သုံးနိုင်ပြီလေ။ ပြောသာပြော ရပါတယ် မေမေတို့ သုံးမှာ မဟုတ်ဘူးမလား။ အလှူ အတန်းပဲ လုပ်မယ်။ ချွေချွေ တာတာ သုံးတာက အကျင့် ဖြစ်နေပြီမလား မေမေရ။ ကျွန်တော်က လစဉ် လတိုင်း ပို့ နိုင်တော့မှာပါဗျ။
ရောက်စ တော့ မျက်စိ သူငယ် နားသူငယ် ပေါ့ မေမေရာ။ ကိုယ့်နိုင်ငံက ဒေါင်းတင် မောင်းတင်လာခဲ့ သမျှ၊ လေထဲ တိုက်အိမ် ဆောက်ခဲ့ သမျှ ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ရော။ ထွက်တောင်ပြေးချင်တယ်။ နီးနီး နားနား မဟုတ်လို့။ ဘာလုပ်လုပ် အလုပ်ရှင်မျက်နှာ သူတို့ နိုင်ငံသား မျက်နှာ ကြည့်နေရတာ။ ဒီကောင်တွေက အားနာ တတ်တာမဟုတ်ဘူးဗျ။ မထင် ရင် မထင် သလို ဟိန်းလား ဟောက်လားနဲ့။ ကျွန်တော်တို့လို အောက်လမ်းက ဝင်လာခဲ့သူတွေဆို အနှိမ်ပါခံနေရတယ်။ အပေါ်လမ်းက လာတဲ့ ပညာတတ်တွေ ကျတော့ ဒင်းတို့ ဒီလောက် မလုပ်ဝံ့ဘူးလေ။ အဲလိုမှန်းသာ ကြိုသိရင် ငယ်ငယ်က စာကြိုးစားမှာပေါ့ မေမေရာ။ ခုတော့ နောင်တ ရနေပါပြီ။ ရတဲ့ အချိန် မဖြုန်းဘဲ ရသလောက် စာအုပ်တွေ ဖတ်ရင်း ဝမ်းစာ ဖြည့်နေရတယ်။ အားတောင် မရဘူး။ ဒီလို လေ့လာဖြစ်တာလည်း အကြောင်းရှိပါတယ်။
သား ကံကောင်းတယ် မေမေ။ ဒီမှာက ဒုက္ခရောက်သူ အချင်းချင်းဆိုတော့ ညီညွတ် ကြတယ်။ ကိုယ့် နိုင်ငံသားတွေ ချည်း မဟုတ်ပေမဲ့ အများစုက ကိုယ့်နိုင်ငံက ဘဝတူ တွေချည်းရယ်။ ဆွေမျိုး နီးစပ် ညီအစ်ကို သားချင်းတွေ လိုပဲ။ သူတို့ ကြောင့်ပဲ နေပျော်လာတာ။ သူ့ ဒုက္ခ ကိုယ့် ဒုက္ခ မျှဝေ ခံစား ရင်းနဲ့ပေါ့။ တစ်ခါတစ်ခါ မတွေးကောင်း တွေးကောင်း တွေးမိသေးတယ်။ သားတို့ နိုင်ငံ မညီညွတ်သေးတာ တကယ် ဒုက္ခ မရောက်ကြ သေးလို့များလားပေါ့။ အားလုံး ဒုက္ခ တကယ်မရောက်သေးတော့ သူ့ဒုက္ခ ကိုယ် နားမလည် ကိုယ့်ဒုက္ခ သူနားမလည်နဲ့ မညီညွတ် နိုင်ကြသေးတာပဲ လို့ ထင်နေမိတယ်။ သား တွေးတာ ရီစရာ ကောင်းနေမလား မေမေ။
ကံကောင်းဆုံးကတော့ သားတို့ အလုပ်သမား အဖွဲ့ အတွက် ခေါင်းဆောင်ကောင်း ရထားတာပဲ မေမေရေ။ သူက တော်တော် သဘောထားပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းပါ။ သူတို့နိုင်ငံသားပေမဲ့ တခြား သူတွေနဲ့ လုံးဝမတူဘူး။ သူ့ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်ကတော့ ဘာပြဿနာပဲ ဖြစ်ဖြစ် နှစ်ဦး နှစ်ဘက် ပြေလည်အောင် ဆိုတာထက် ကျေနပ်အောင် လုပ်ပေးနိုင်တာပဲ။ အဲဒါကို သား သဘော အရမ်းကျတယ် မေမေ။ သူ့ကြောင့်ပဲ သားတို့ အနေအစား ချောင်လာတယ်။ သား စာဖတ်ဖြစ်တယ်ဆိုတာလည်း သူ့ကြောင့်ပဲ။ သူ့ စာအုပ်တွေကို ငှားပေးတယ်လေ။ သူ့မှာ အဖိုးတန် စာအုပ်တွေ အများကြီးပဲ။ ဘာသာစကား အတွက် စိတ်မပူပါနဲ့။ သား အခု အင်္ဂလိပ်လို ဖတ်တတ်နေပြီလေ။ သားတို့ အလုပ်သမား အဖွဲ့ထဲက ညီလေး တစ်ယောက်ဆီက သင်ထားတာ။ ကျန်တာက သားဘာသာ လေ့လာလိုက်တာ။ မေမေ့သား လိမ္မာနေပါပြီ မေမေရ။ ဘာစာ ဖြစ်ဖြစ် စိတ်ဝင်တစား လေ့လာရင် မခက်ပါဘူး။ ဆရာ ညီလေးရဲ့ ကျေးဇူး လည်း မကင်းဘူးပေါ့။
သား စကားတွေ ဘယ်ရောက် သွားပြီလဲ မသိဘူး။ အော် သားတို့ ခေါင်းဆောင် အကြောင်း ဆက်ပြောပြမယ်။ အစ ကတော့ သူ့ကို ပုံမှန်ပဲ ဆက်ဆံ ကြတော့ပေါ့ မေမေရာ။ သူကပြောတယ် ငါ့ကို ယုံကြည်ပေးပါ ကျန်တာ အကောင်းဆုံးဖြစ်အောင် သူ လုပ်ပေးပါမယ်တဲ့။ ဘယ်ယုံ မလဲ ရွှီးတယ်လို့ ပဲ၊ ခိုင်းကောင်းအောင် ပြောတယ်ပေါ့။ ဒါပေမဲ့ ဟုတ်တယ် မေမေ သူလုပ်ပုံ ကိုင်ပုံတွေက နှစ်ဦး နှစ်ဖက် မိတ်မပျက်စေဘူး။ ရေတိုမှာ နစ်နာ စရာ ရှိပေမဲ့ ရေရှည်တော့ ဖြေသိမ့်လို့ ရတယ်။ သူ တကယ်တော်ပါတယ်။ အခုဆို သူ သေဆို သေ၊ ရှင်ဆို ရှင်ပဲ အထိအောင် သားတို့ အဖွဲ့က ယုံကြည်နေမိပြီ။ အလုပ်က ပင်ပန်းပေမဲ့ လုပ်ပျော် လာတယ်။ သူက ပြောတယ် အဲဒါ မင်းတို့တွေ လူညီလို့တဲ့။ ယုံကြည်ပေးလို့ တဲ့လေ။ မင်းတို့က ပို အရေးကြီးတာ ဆိုတဲ့ သူ့ စကားကို တော့ သား တဖြည်းဖြည်း သဘောပေါက်လာတယ်။ သားတို့ နိုင်ငံမှာလည်း ခေါင်းဆောင်ကောင်း ရှိနေတုန်း ညီညွတ်ကြရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ ဘာဖြစ်ဖြစ် ခုချိန်က သားတို့ က အနစ်နာခံရမယ့် မျိုးဆက်ပဲလေ။ ဘာ အကျိုးမှ မမျှော်လင့်ဘဲ အနစ်နာခံပေးလိုက်မှ နောက်မျိုးဆက် က ကောင်းစားပြီလေ။ သည်အတွက်ပဲ ဦးတည်ကြရင် ဘာပြောစရာ လိုလဲဗျာ။ ကိုယ့်နိုင်ငံကို ကောင်းစား စေချင်မိတာတော့ သားတို့ လို အဝေးရောက် သမား တွေ အားလုံးရဲ့ လေးနက်တဲ့ ဆန္ဒ ဆိုတာ ကို သားတို့ စကားလုံးနဲ့ တောင် ဖော်ပြလို့ မရပါဘူး မေမေရေ။
အဲဒါပါပဲ မေမေ ရေ။ သား အဖြစ်အပျက်က ရေးပြလို့ ကုန်မှာ မဟုတ်ဘူး။ နောက်ကြုံမှ ပြောပြတော့မယ်။ ခုတော့ ဒီလောက်ပဲ ရေးလိုက်တော့မယ်။ မေမေ တို့ မိသားစု တတွေ အားလုံး ကျန်းမာကြပါစေဗျာ။ သား နေ့တိုင်း မေတ္တာပို့ နေပါတယ်။ သတိရလျက်
မေမေ့ရဲ့ အဝေးတစ်နေရာက သားငယ်
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022

#myanmar
#msu