ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
“တုတ်တပြက် ဓားတပြက် ဆူညံပွက်တယ် ကွဲကြ ပြဲကြ ဆော်ကုန်ကြပြီ ရပ်ကွက်ထဲက အိမ်ထောင်ရှင် ရန်ပွဲ”
အိမ်ရာကထ မျက်နှာသစ်နေတုံးရှိသေး စောစောစီးစီး ဘယ်ကဖွင့်လိုက်တဲ့ သီချင်းသံမှန်းမသိဘူး။ သီချင်းကတော့ အတော်နားယဉ်ခဲ့ဖူးတဲ့ ကိုလွှမ်မိုး ရဲ့ သီချင်းလေးပါပဲ။ သီချင်းနာမည်လည်း မမှတ်မိတော့သလို သီချင်းစာသားတွေလည်း အကုန်မမှတ်မိတော့ပါဘူး။ မမှတ်မိဆို မွေးကတည်းက သီချင်းတွေနဲ့ ဝေးနေတာကိုး။ ကျန်တဲ့အချိန်မှာဆို မှတ်မိသလောက်စာသားလေးနဲ့ ကိုယ်တိုင်လိုက်အော်မိမှာဖြစ်ပေမယ့် စောစောစီးစီးကြီး ကွဲကြ ပြဲကြ ဆော်ကုန်ကြပြီဆိုတော့ လိုက်မအော် ဖြစ်တဲ့အပြင် စိတ်တောင်တိုမိပါရဲ့။ ဘယ်နှယ့် မင်္ဂလာရှိတဲ့ မနက်ခင်းလေး မင်္ဂလာရှိတဲ့အသံလေးတွေနဲ့ ကြိုဆိုတာမဟုတ်ပဲ ကွဲကြ ပြဲကြ နဲ့ စဖွင့်လိုက်ရတယ်လို့။ ဘယ်ကလာတဲ့အသံလဲ ရှာတော့ ခဏနေတော့ အသံက ပိုပိုကျယ်လာတယ်။ တဖြည်းဖြည်း အိမ်ရှေ့နားထိရောက်လာတယ်။ အဲ ထီသည်ပဲဗျ။ ဘယ်ဗေဒင်ဆရာကများ စောစောစီးစီး အကွဲအပြဲနဲ့ စဖွင့်ရမယ်လို့ ဟောလိုက်တယ်မသိ။ ဘယ်လို အယူတော်မင်္ဂလာကောင်းကောင်းနဲ့ ကွဲကြ ပြဲကြ ဆော်ကုန်ကြ လုပ်နေလေတာလဲမစဉ်းစားတတ်တော့။ ကြားရသူတွေအတွက် အတော်တော့ နားကလောသွားတယ်။ စိတ်ထဲကတင်အားမရ ပါးစပ်ကနေပင် ထီသည်ကိုဆဲဆိုမိလိုက်သေး။ မနက်ခင်းသန့်ရှင်းရေးလုပ်ငန်းတွေအမြန်လုပ်လိုက်တယ်။ အပြေးအလွှား နာရီကြည့်လိုက်တော့ ၉း၃၀၊ အဲသေဟ ကိုယ့်ဖာသာကိုယ် အိပ်ရာထနောက်ကျပြီး ထီသည်ကို ဆဲမိပြီ ဟီး။ Sorry ပါ၊ ကန်တော့ ကန်တော့။ စိတ်ထဲကပဲ ထီသည်ကို တောင်းပန်လိုက်တယ်။ မိုးအုံ့နေတော့ စောသေးတယ်မှတ်နေတာကိုး။ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ပိုက်ဆံဘယ်လိုရမလဲ? ဘာစားရင် ကောင်းမလဲ? အရင်ဆုံးစဉ်းစားတယ်ပေါ့။ အတော်များများက သီးသန့်လုပ်စရာအလုပ်ကိစ္စမရှိဘူးဆိုရင် လုပ်နေကျဖြစ်တဲ့ အကျင့်တစ်ခုလိုဖြစ်နေကြတာပေါ့။ ဟုတ်ချင်မှလည်း ဟုတ်ပေမပေါ့။ ကိုယ့်တစ်ယောက်တည်း အတွေးလွန်နေတာလည်းဖြစ်နိုင်တယ်။
ကွဲကြ ပြဲကြ ဆော်ကုန်ကြကနေ စဉ်းစားမိလာတာ ဆက်ရေးရတော့မှာပဲ။ တတ်နိုင်ဘူးလေ နောက်ထပ် ကုန်ကြမ်းရဖို့ ထပ်ရှာနေရအုံးမယ်။ ဒီတော့ အကွဲ အပြဲ ပဲ ဆက်ရတော့မယ်ဗျို့။ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေဖွဲ့ကြတယ်။ အလွန်အားရစရာကောင်းလှတယ်လို့ ထင်နေတုံးမှာပဲ ကွဲကြ ပြဲကြ ဆော်ကုန်ကြတာတွေက ကျွန်တော်တို့ နိုင်ငံမှာ အတော်အဖြစ်များတဲ့ အဖြစ်အပျက် တစ်ခုလို့သွား တွေးမိတယ်။ ဒါက ကိုလွှမ်းမိုး သီချင်းကြားမိတာက စတဲ့ Post ဆက်ရေးရတော့မှာပဲ။ အကွဲအပြဲတွေရဲ့အစက ဘယ်ကလာတာလဲ? တောင်မရောက် မြောက်မရောက်တော့ စလာပြီထင်တယ်။ မတတ်နိုင်တော့ဘူးဗျို့ ရအောင် ဆွဲရေးရတော့မှာပဲ။ အတွေးတစ်ခုဝင်လာရင် နောက်အတွေးက ဖီးလ် မလာ တတ်တော့ အရင်ရောက်သူကို အဲမှားလို့ အရင်ရောက်လာတဲ့ အတွေးစကိုပဲ ဦးစားပေးရတော့တာပဲ။ နို့မို့ ဟိုမရောက် ဒီမရောက် စာတွေ ဖြစ်ကုန်လိမ့်မယ်။ အဲ ဘယ်ရောက်သွားပါလိမ့်။ အကွဲအပြဲ အစ။ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေမှာ အကွဲအပြဲရဲ့ အစက ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးရဲ့ အားနည်းချက်လို့ခေါ်ရမလား၊ မတိကျမှုလို့ခေါ်ရလေမလား ဘာလား ညာလား။ အဲဒါပေါ့ဗျာ။ ခုလို အူလယ်လယ်နဲ့ ဘာမှန်းမသိဖြစ်ရတဲ့ နားလည်မှု ဆိုတဲ့ နေရာကနေ အကွဲအပြဲပေါ်လာတယ် ထင်တယ်။ အဲဒီနားလည်မှု ဆိုတာကြီးကလည်း နေရာဒေသလိုက်ပြီး ကွဲပြားနေမယ်။ ဌာနဆိုင်ရာတွေမှာဆိုရင် အဓိပ္ပါယ်တစ်မျိုးထွက်နိုင်သလို အပြင်လောကမှာ အဓိပ္ပါယ်တစ်မျိုးဖြစ်နေနိုင်တယ်။ ဌာနဆိုင်ရာတော့ သိပ်မပြောရဲပါဘူး။ သာမန် ပရဟိတလိုအဖွဲ့အစည်းအကြောင်းက နားလည်မှု ကိုပဲ ပြောကြတာပေါ့။ အသင်းအဖွဲ့လေးတစ်ခုဖွဲ့တယ်။ အဲလိုဖွဲ့တယ်ဆိုကတည်းက ၀ါသနာတူ စိတ်တူ ကိုယ်တူ တွေကစကြရတာ။ အဲဒီလို စိတ်တူ ကိုယ်တူ ၀ါသနာတူတွေကစတော့ စည်းမျဉ်းတွေ မလုပ်ကြဘူးလေ။ ကိုယ့်ဖာသာကိုယ် လိုအပ်တဲ့ငွေကြေးတွေစိုက်ထုတ်ကြ၊ လုပ်ချင်တဲ့အလုပ်ကလေးတွေ လုပ်လိုက်ကြနဲ့ပေါ့။ ခုချိန်ထိတိုင်အောင် လည်း နားလည်မှုဆိုတာနဲ့ပဲဖြေရှင်းနေကြဆဲသာဖြစ်ပါတယ်။
လအနည်းငယ်ကြာတဲ့အခါမှာ လူတွေလည်းတိုးလာသလို လှူချင် တန်းချင်တဲ့သူတွေလည်း ပေါ်လာတယ်။ အကူအညီပေးချင်တဲ့သူတွေ လည်း ပေါ်လာတယ်။ လူတွေလည်း တရုံးရုံးနဲ့ဖြစ်လာတယ်။ စတည်ထောင်တဲ့ သူတွေအဖို့ ပျော်စရာကြီးပေါ့။ အဲဒီလူတွေကိုကြည့်ရင်းနဲ့ တပြုံးပြုံးနဲ့ ကျေနပ်နေတာပေါ့။ လူတွေလည်းများ လာပြီဆိုတော့ အသင်းအဖွဲ့လေးလည်း ခိုင်ခိုင်မာမာတော့ဖြစ်လာပြီပေါ့။ အဖွဲ့ရဲ့မွှေးပျံ့တဲ့သတင်းလေးတွေ လည်း အနီးပတ်ဝန်းကျင်မှာ သင်းပျံ့နေတော့ အတော်ကျေနပ်နေမိကြတယ်။ **“လူသတင်း လူချင်းဆောင်” လို့ စကားပုံတောင် အရှိသားပဲလေ။ အဲဒီလို နဲ့ လူတွေတရုံးရုံး တအုံးအုံးနဲ့ လုပ်ကြ ကိုင်ကြ လှူကြ တန်းကြ ကူညီကြတဲ့ အလုပ်တွေဖြစ်လာလိုက်တာ အချိန်တွေကုန်ဆုံးလာတယ်။ အကူအညီတောင်းတဲ့သူတွေကလည်း တောင်းမြဲ၊ လှူတဲ့သူတွေကလည်း လှူမြဲနဲ့ လ ကနေ နှစ် ကူးသွား တော့ ပြဿနာ လေးတွေ စလာကုန်ပြီ။ တစ်စ တစ်စနဲ့ နှစ် လရာသီ အချိန်တွေ ပြောင်းလဲကုန်ဆုံးလာခဲ့တယ်။ လူတွေရဲ့ စိတ်တွေကလည်း အဖြူရောင်ကနေ ၀ါညစ်ညစ်၊ မဲညစ်ညစ်၊ ပြာညစ်ညစ် အကုန်ညစ်ကုန်ကြလေသလား။ ဟိုလူကတော့ဖြင့် ဘယ်လို ဒီလူကဖြင့် လူလည်၊ ဒီကောင်မက ဘာမို့လို့ ပါဝါတွေပြ၊ ဟိုကောင်မက အတင်းတွေလျှောက် ပြောနေတာ စသည် စသည် အသံဗလံတွေ ဆူညံလာတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်လဲ သံသယတွေ ၀င်လာ၊ အထေ့အငေါ့စကားလေးတွေနဲ့ မထိတထိ မရိတရိပြောလာကြကုန်ရော။ အများအကျိုး ဆောင်လိုသူတွေ အဖွဲ့အစည်းကိုခုတုံးလုပ် ကိုယ်ကျိုးစီးပွားရှာလိုသူတွေ အငြင်းအခုံ၊ အတိုက်အခံတွေ ရှိလာကြရတယ်။ လူတွေများလာတာနဲ့အမျှ စရိုက်မျိုးစုံ အကျင့်မျိုးစုံ ဖြစ်နေလာတော့တယ်။ အဲဒီမှာ အကွဲ အပြဲဇာတ်လမ်းစတော့တာပါပဲ။ ပရဟိတအကျိုးကို တစ်ကျပ်ဖိုးလောက်လုပ်ပြပြီး အတ္တဟိတ က တစ်ရာဖိုး လောက်လိုချင်သူတွေလည်း ပေါ်လာကုန်ကြပြီ။ လူစုံ စရိုက်စုံ ပြဿနာစုံ ဖြစ်သွားပြီ။ စတင်လုပ်ဆောင်ခဲ့တဲ့ သူတွေအနေနဲ့ကလည်း စေတနာဝန်ထမ်းလို ကိုယ့်အိပ်ထောင်ထဲကစိုက်ပြီးလုပ်ခဲ့ကြတာဖြစ်လေတော့ ဘယ်လိုစည်းမျဉ်းစည်းကမ်းမှလုပ်မထားပဲ နားလည်မှု ဆိုတာနဲ့ပဲ ချီတက်ခဲ့ကြတာဖြစ်လေတော့ ဖြေရှင်းရ ခက်ကုန်ပြီ။ အခွင့်အရေးဆို ထိပ်ဆုံးကပြေးသွားတဲ့သူတွေက အခွင့်အရေးကြောင့် စကားတွေများကုန်ကြပြီ။ တစ်စ တစ်စ နဲ့ နှစ်စ သုံးစ လေးစ ငါးစ အစတွေ ဆွဲမကုန်အောင်ဖြစ်ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်း ရမယ်ဆိုတာ မရှိလေတော့ ကွဲပြီ ပြဲပြီ ဆော်ကုန်ကြပြီဖြစ်ကြတာပါပဲ။
မကွဲ မပြဲ စည်းလုံးဆဲဖြစ်တဲ့ ကျွန်တော်တို့ရဲ့ MSC ရွာသူ ရွာသားများကို အကွဲအပြဲမဖြစ်စေဖို့အတွက် တတ်စွမ်းသမျှ တော့ ကြိုးစားနေကြတယ်ဗျ။ ကျွန်တော်လည်း တခါတရံ MSC ရွာထဲ လှည့်ပတ်ကြည့်ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အလုပ်မရှိ အကိုင်မရှိဆိုတော့ ရွာရိုးကိုးပေါက် အလေလိုက်နေတာပေါ့။ စည်းရိုးပေါက် နေတာမျိုး၊ စည်းလုံးမှု ပျက်စေတာမျိုးတွေတွေ့ရင် အသိပေး သတိပေး ကူညီဖေးမမှုလေးတွေလည်း လုပ်ဖြစ်ပါတယ်။ ကူညီတန်တာ ကူညီရတာပဲ။ ခြံစည်းရိုး ၀င်ကာသင့်ရင် ၀င်ကာလိုက်ရတာပဲ။ အမှိုက်ရှင်းသင့်ရင် အမှိုက်ဝင်ရှင်းလိုက်ရတာပဲ။ တတ်နိုင်ဘူးလေ ကိုယ်ကမှ မပျက်စီးစေချင်တာကိုး။ ကျွန်တော် တစ်ယောက်တည်း မပျက်စီးစေချင်တာမဟုတ်လောက်ပါဘူး။ MSC ရွာလေးကို ချစ်ခင်ပြီး တန်ဖိုးထားတဲ့သူတွေ MSC ရွာထဲမှာ ရှိနေပါလိမ့်မယ်။ ရွာသူ ရွာသားတွေထဲကလည်း ရွာရဲ့ အဆိုး အကောင်း အကျိုးအကြောင်းလေးတွေကို သတင်းပေးကြ၊ ထိန်းသိမ်းကြ လုပ်နေကြတာတွေ့ရပါတယ်။ ရွာသားတွေတော်ကြပါတယ်ဗျာ။ ရွာကိုလည်း အတော်ချစ်ခင်ကြ တာတွေတွေ့ရပါတယ်။ ကိုးရို့ကားယားရွာသားအချို့ကို တွေ့ရပေမယ့် ရမ်းကားတဲ့ ရွာသူ ရွာသားတော့ မတွေ့မိသေးပါဘူး။ လူပျိုဂေါင်း အပျိုဂေါင်းတွေပဲ ဘာမှမလုပ်ပဲ အိပ်နေကြလေသလားမသိပါ။ ရွာထဲသွားတိုင်း တစ်ခါမှ မမြင်မိဘူး။ ဒါမှမဟုတ် အပျိုဂေါင်း နဲ့ လူပျိုဂေါင်းပဲ နေ့တိုင်း ချိန်းတွေ့နေလေသလား? ရွာရဲ့သူကြီးကလည်း ခုတလော ခရီးတွေများနေတယ်ထင်တယ်ဗျ။ သူကြီးအိမ်သွားသွား ကြည့်မိတယ်။ သူကြီးအိမ်ကြီးက ပိတ်ထားတာကိုပဲ မြင်ပြီး လှည့် လှည့်ပြန်လာရတဲ့အကြိမ်မနည်းတော့ဘူး။ ရွာမှာ သူကြီးမရှိပေမယ့် ရွာထဲမှာ ပြဿနာတော့ သိပ်မရှိပါဘူး။ ရွာထဲဆင်းဆင်းလာတတ်တဲ့ မြို့ဝန်မင်းက တော့ တစ်နေ့က ရွာအခြေအနေကို Post တင်ရေးလိုက်တာတွေ့ရတယ်ဗျ။ မြို့ဝန်မင်းခမြာလည်း မြို့ကအလုပ်တွေက အရေးပေါ်ခေါ်လိုက်၊ အရေးတကြီးခေါ်လိုက်၊ အစည်းအဝေးကတွေခေါ်လိုက် ရွာထဲလှည့်ပတ်ကြည့်လိုက် နဲ့ တစ်ယောက်တည်း ချာလပတ်ကို ရမ်းပြီး အလုပ်ရှုပ်နေတာပဲ။ ဒါတောင်လူပျိုကြီးပဲဖြစ်နေလို့တော်သေးတာပေါ့ဗျာ။ မိန်းမရသွားပြီးရင်တော့ မလွယ်လောက်ဘူးဗျို့။ ကျုပ်တို့ မြို့ဝန်မင်း အတော် အလုပ်ရှုပ်တော့မှာပဲ ☺☺။ ခုတောင်တော်တော်ရှုပ်နေရှာပါပြီ ☺☺☺ဒါပေမယ့် မြို့ဝန်မင်းက ရွာကို ခဏ ခဏလာလည်တယ်။ ပြောချင်ရာ ပြောပြောပြီး ပျောက်ပျောက်သွားတော့တာပဲ။ အဲတော်လောက်ပါပြီ။ အဓိကပြောချင်တာကတော့ ကျွန်တော်တို့ MSC ရွာကြီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြတယ်ဆိုရင်ဖြင့် အကွဲ အပြဲ ဇာတ်လမ်းတွေမဖြစ်အောင်ထိန်းသိမ်းကြ ရင်းနဲ့ ကွဲကြ ပြဲကြ ဆော်ကုန်ကြပြီဆိုတဲ့ အဖြစ်တွေကို မဖြစ်ပေါ်လာစေဖို့အတွက် MSC ရွာသူ ရွာသားတိုင်းမှာ တာဝန်ရှိပါတယ်လို့ရေးသားရင်း ရပ်နားလိုက်ပါတယ်ဗျာ။
(အဲ အဲ အပျိုဂေါင်း လူပျိုဂေါင်းတွေ အမြဲချိန်းမနေကြပါနဲ့လို့ ☺☺ ကျွန်တော်လို အလေလိုက်ပြီး ရွာထဲလည်း လေ့လာကြပါအုံးလို့ ☺☺☺☺☺)
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-Aug-2018 ကြာသပတေးနေ့(Thursday)