ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပြီးခဲ့တဲ့အပတ်က ကဗျာအကြောင်းမျှဝေခြင်းဆိုတာလေးကို ရေးတင်ပေးခဲ့ပါတယ်။ မဖတ်ရသေးလို့ ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ကိုဝင်ပြီး ဖတ်နိုင်ပါတယ်။
https://steemit.com/myanmar/@ansoe/kundefinedae-kang-mundefined0yakhng-18434551d73ffest
ဒီတစ်ပတ်မှာလည်း အပိုင်း(၂)အနေနဲ့ဆက်လက်တင်ပေးလိုက်ပါတယ်။ ကဗျာရေးရတာ ၀ါသနာပါသူတွေ အတွက် အထောက်အကူနည်းနည်းလေးဖြစ်ဖြစ် ရစေချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးတင်ပေးခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်က ကဗျာရေးဖို့စိတ်ကူးမရှိပေမယ့် ၀ါသနာပါသူတွေအတွက် ရည်ရွယ်ပြီး ရေးတင်ပေးခြင်းသာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းနားတဲ့ရက်လည်း ဖြစ်တဲ့အတွက် စာရေးတာကို ရပ်မထားလိုတာရော အကျိုးရစေနိုင်တဲ့ စာကို ရေးတင်လိုတာကြောင့်လည်း ဖြစ်ပါတယ်။ အကျိုးရှိစေနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ လာရောက် ဖတ်ရှုသူတွေအတွက် အနည်းငယ်သောအကျိုးတရားလေးရသွားခဲ့မယ်ဆိုရင် ရေးတင်ရကျိုးနပ်ပါပြီ။ ဒီလိုအကျိုးရှိစေနိုင်မယ့် စာတွေကို ပရိုမိုးရှင်းနားထားတဲ့ရက်တိုင်း ရေးတင်ပေးနိုင်ဖို့လည်း ကြိုးစားသွားပါမယ်။ ပရိုမိုးရှင်းမတင်ရင်လည်း စာလာဖတ်တဲ့သူက မရှိသလောက်ပါပဲ။ စာလာဖတ်တဲ့သူတွေကို အကျိုးရှိစေမယ့် စာလေးတွေကို တတ်နိုင်သမျှ ရေးတင်ပေးပါမယ်။ ဒီအပတ်အတွက်ကတော့ “သံပေါက်” ကဗျာအကြောင်းကို ရေးတင်ပေးလိုက်ပါတယ်။
“သံပေါက်” ဆိုတာက အသံကို ပေါက်ရောက် ပေါ်လွင်အောင် ရွတ်ဖတ်ရတဲ့ လင်္ကာ အမျိုးအစားဖြစ်ပါတယ်။ မြန်မာကဗျာတွေကို သင်ကြားကြတဲ့အခါမှာ အရင်ဆုံးသင်ကြားရတာလည်း သံပေါက် ဖြစ်ပါသတယ်တဲ့။ “ကဗျာအစ သံပေါက်က” လို့ ဆိုရိုးရှိခဲ့ပါတယ်။ သံပေါက် ဟာ လေးလုံးစပ် လင်္ကာဖွဲ့နည်းရဲ့ အခြေခံ ဖြစ်ပါတယ်။ အလွယ်ဆုံးသောနည်းလည်းဖြစ်ပါတယ်။ သံပေါက် စပ်ပုံစပ်နည်းကို “အစ လေးလုံး ၊ အလယ် သုံး ၊ အဆုံး ငါး ခုနှစ်” ဆိုပြီး အမှတ်အသားပြုထားခဲ့ကြပါတယ်။ ဆိုလိုတာက ကဗျာအစပိုဒ်ဟာ စကားလုံး လေးလုံး ရှိရမှဖြစ်ပါတယ်။ အလယ်ပိုဒ်မှာ စကားလုံး သုံးလုံး ရှိရမှာဖြစ်ပါတယ်။ နောက်ဆုံး အချပိုဒ်ဟာ စကားလုံး ငါးလုံး သို့မဟုတ် ခုနှစ်လုံးရှိရမှာဖြစ်ပါတယ်။ အသံတူ ကာရန်အတွက် (၄ - ၃ - ၂) ဆိုပြီးတော့လည်း ဆိုကြပါတယ်။ ၄-၃-၂ ဆိုတာက အသံတူ ကာရန်ယူတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အောက်မှာ ထပ်မံရှင်းပြပေးထားပါတယ်။
သံပေါက်စပ်ဆိုရာမှာ
(၁) အစပိုဒ်တွင် စာလုံး လေးလုံး ရှိရပါမယ်။
(၂) အလယ်ပိုဒ်တွင် စာလုံး သုံးလုံး ရှိရပါမယ်။
(၃) နောက်ဆုံးပိုဒ်တွင် စာလုံး ငါးလုံး သို့မဟုတ် ခုနှစ်လုံး ရှိရပါမယ်။
(၄) ကာရန်ကို ( ၄ - ၃ - ၂) ယူရမှာဖြစ်ပါတယ်။
ဒီစနစ်အရ အစပိုဒ်၏ စကားလုံး လေးလုံး(စတုတ္ထ)မြောက် နေရာ ၊ အလယ်စာပိုဒ်ရဲ့ စကားလုံး သုံးလုံး(တတိယ)မြောက် နေရာ ၊ နောက်ဆုံးအပိုဒ်ရဲ့ စကားလုံး နှစ်လုံး(ဒုတိယ)မြောက် နေရာ တို့က စကားလုံးများဟာ အသံတူ ကာရန်ညီရမယ်လို့ဆိုပါတယ်။ နားလည် လွယ်အောင် အောက်မှာ ဇယားနဲ့ ထပ်မံဖော်ပြလိုက်ပါတယ်။
ရေးစပ်စာလုံးအရေအတွက် | ကာရန် ယူရန် နေရာ( ၄ - ၃ - ၂ ) | နမူနာစာသား |
---|---|---|
အစ လေးလုံး | - - - (+) | စာကျက်ကြ ပါ |
အလယ် သုံး | - - (+) | ညအ ခါ |
အဆုံး ငါး ခုနှစ် | - (+) - - - ။ (သို့မဟုတ်) – (+) - - - - - ။ | သာ ယာ ကြည်နူးဖွယ်။ |
ဒါကတော့ ကာရန် ( ၄ - ၃ - ၂ ) ပုံစံနဲ့ယူပြီး ရေးဖွဲ့တဲ့ သံပေါက်လင်္ကာပဲဖြစ်ပါတယ်။ နောက်ထပ်စပ်ဆိုနိုင်တဲ့ သံပေါက် ကာရန်က ( ၄ - ၃ - ၁ ) ပုံစံနဲ့ယူပြီး စပ်ဆိုနိုင်ပါသေးတယ်။ အပေါ်က ( ၄ - ၃ -၂ ) ပုံစံကို နားလည်မယ် ဆိုရင် ( ၄ - ၃ - ၁ ) ပုံစံကို နားမလည်နိုင်စရာမရှိပါဘူး။ ဒါပေမယ့် သံပေါက်တစ်ပုဒ်ထဲမှာတော့ ပုံစံနှစ်မျိုး ရောသုံးလို့မရတာကိုတော့ သတိထားရပါလိမ့်မယ်။ ကြိုက်ရာပုံစံတစ်ခု အဆင်ပြေရာ ပုံစံတစ်ခုကိုသုံးနိုင်ပေ မယ့် ရောသုံးလို့တော့မရပါဘူး။ ( ၄ - ၃ - ၁ ) ကာရန်ယူတဲ့ ပုံစံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ရေးစပ်စာလုံးအရေအတွက် | ကာရန် ယူရန် နေရာ( ၄ - ၃ - ၁ ) | နမူနာစာသား |
---|---|---|
အစ လေးလုံး | - - - (+) | နှလုံးညစ် ညမ်း |
အလယ် သုံး | - - (+) | လူမိုက် သွမ်း |
အဆုံး ငါး ခုနှစ် | (+) - - - - ။ (သို့မဟုတ်) (+) - - - - - - ။ | လမ်း ကိုမသိနိုင်။ |
ကာရန်ယူတဲ့နေရာလေးပဲ ကွာသွားခြင်းသာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် သံပေါက် နဲ့ပတ်သက်ပြီး ကဗျာ လင်္ကာတွေကို အစမ်းရေးကြည့်နိုင်ကြမှာဖြစ်ပါတယ်။ ၀ါသနာပါသူများအနေနဲ့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ ရေးသားသင့်တယ်လို့လည်း ထင်ပါတယ်။
ဖော်ပြပါ သံပေါက် အခြေခံကို ပိုင်ပိုင်နိုင်နိုင် နားလည်ပြီဆိုပါက တနည်းအားဖြင့်ဆိုရင် အခြေခံကို ပိုင်နိုင်ပြီဆို ပါက အဆုံးပိုဒ်အား ငါးလုံး ချပဲဖြစ်စေ၊ ခုနှစ်လုံးချပဲဖြစ်စေ ကြိုက်နှစ်သက်သလို ရေးဖွဲ့နိုင်မည်ဖြစ်ပါတယ်။ ခုနှစ်လုံးချဖြင့် ရေးဖွဲ့ကြရာတွင်လည်း အဆုံးပိုဒ်မှာ စာလုံးလေးလုံး(စတုတ္ထ)မြောက်နေရာ နှင့် စာလုံး ခုနှစ်လုံး (သတ္တမ)မြောက်နေရာတို့အား ကာရန်ညီအောင် စပ်ဆိုနိုင်ကြပါသေးတယ်။
နမူနာစာသား | ကာရန် ယူရန် နေရာ( |
---|---|
သမင်ချေ ငယ် | - - - (+) |
စိုင်ဒ ရယ် | - - (+) |
ဝေး နယ် ရှောင် ကြ မြားမြောင် စွ ။ | – (+) – () - - () ။ |
အဲဒါအပြင် ပထမစာပိုဒ်မှာ စာလုံးရေငါးလုံး ထားပြီး စပ်ဆိုကြသည်လည်း ရှိကြပါတယ်။ စိတ်ကူးဥာဏ် ကွန်းမြူးနိုင်မှုအပေါ်မှာ မူတည်ပြီး စပ်ဆိုနိုင်ကြကြောင်းသိရပါတယ်။ အောက်မှာ လေ့လာနိုင်ရန် ဖော်ပြလိုက်ပါတယ်။
နမူနာစာသား | ကာရန် ယူရန် နေရာ |
---|---|
နွယ်ပန်းပန်းခွာ ညို | - - - - (+) စကားလုံးငါးလုံး |
နှင်းစို စို | - - (+) |
ပြာ သို ဆောင်းလရက်။ | – (+) - - - ။ |
ကဗျာများကို ရေးဖွဲ့နိုင်ဖို့ဆိုတာ စိတ်ကူးဥာဏ်နဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကဗျာရေးဖို့ ကြိုးစားရာမှာ စိတ်ကူးဥာဏ်မကွန့်မြူးနိုင်တာကြောင့် ကဗျာရေးဖို့ စိတ်မကူးတော့ပါဘူး။ ကဗျာမှာ စိတ်ကူးဥာဏ်မရွှင်တော့ စာပဲရေးနေတာဖြစ်ပါတယ်။ ဒီပို့စ်လေးကို တင်ပေးနိုင်ဖို့အတွက် “ကဗျာဆရာကြီး တင်မိုး ရဲ့ မြန်မာကဗျာဖွဲ့နည်း” စာအုပ်ကို မှီငြမ်းပြီး ရေးသားထားရတာဖြစ်ပါတယ်။စိတ်ကူးကောင်းကောင်းနဲ့ ကဗျာကောင်းကောင်းတွေ ရေးဖွဲ့ချင်သူတွေအတွက် အထောက်အကူဖြစ်ပါစေလို့ ဆုတောင်းရင်း သံပေါက် အကြောင်းလေးကို ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-Oct-2018 စနေနေ့(Saturday)