ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စာရေးချင်တဲ့အကြောင်းအရာတွေကို သေသေချာချာ ရေးမှတ်ထားတာမရှိလေတော့ စာရေးမယ်စိတ်ကူးလိုက် ခေါင်းထဲကပျောက်လိုက် ရေးမယ်စိတ်ကူးလိုက် စဉ်းစားမရဖြစ်လိုက်နဲ့ လုံးခြာပတ်ခြာရိုက်နေတော့ ပေါ့ပေါ့ပါးပါး စာလေးတွေ မရေးဖြစ်ပေဘူးပဲ… စုံထောက် လိုလိုစာရေးရင်ကောင်းမလား… သရဲ တစ္ဆေ လိုစာရေးရင်ကောင်းမလား… ဘာရေးရင်ကောင်းမလဲပေါ့… ရယ်စရာစာတွေရေးရင်ကောင်း မလား… အားပေးတဲ့စာတွေ တိုက်တွန်းတဲ့စာတွေပဲ ဆက်တိုက်ရေးမိနေတော့ လာဖတ်တဲ့သူမရှိရတဲ့အထဲ ပျင်းစရာကောင်းနေတာပေါ့နော်… လာဖတ်ကြပါ လာဖတ်ကြပါ အော်နေလဲ ဒုံရင်းက ဒုံရင်းပဲ အားပေးမည့်သူမရှိတော့ စာရေးရတာ အားတောင်လျော့လာသလိုပဲ… ရေးချင်စိတ်တောင်နဲနဲလာသလို… ကောင်းတာပဲ ရေးရေး ဆိုးတာပဲရေးရေး မကောင်းမဆိုးပဲ ရေးရေး လာအားမပေးဘူးလို့များ ဆုံးဖြတ်ထား ကြလေသလားမသိပါဘူး… တစ်ခါကရီစရာတွေဆိုတာ တကယ်တော့ အဲဒီအချိန်တုံးကတော့ ဒုက္ခပဲဗျို့… ရီစရာမဖြစ်ဘူးရယ်… နောက်ကျမှသာ ရယ်စရာတစ်ခုအဖြစ် ပြန်ပြောရင်း ရယ်နိုင်တာ… အဲဒီအချိန်တုံးကတော့ ရယ်ဖို့နေနေသာသာ ဇောချွေးတွေတောင်ပြန်လို့... ရယ်မောခြင်းက အသက်ရှည်စေပါတယ်... ဘ၀အမောအချို့ကို ရယ်မောခြင်းတွေနဲ့ ဖြေရှင်းနိုင်အောင်ကြိုးစားသင့်ပါတယ်...
Image from google
ဘ၀မှာတစ်ခါတစ်လေ အပြင်းအထန် စိတ်ဓာတ်ကျတတ်ကြတယ်… ဘာမှန်းမသိပဲ စိတ်ညစ်ကြရတတ်တယ်… ဘ၀အမောလေးတွေပြေစေဖို့သင့်တယ်… ဘ၀အမောတွေကို မဖြေဖျောက်ကြဘူးဆိုရင် ဘ၀အမောတွေထပ်ထပ်ခါဖြစ်လာတတ်ကြတယ်… ဒီနောက်တော့ ဘ၀ကို လက်မြှောက်အရှုံးပေးသွားတတ်ကြတယ်… ပိုက်ဆံပေါနေတဲ့သူတွေ အောင်မြင်နေ တဲ့သူတွေအတွက် ဖျော်ဖြေရေးတွေအင်မတန်ပေါလာပေမယ့် ငွေကြေးချို့တဲ့သူတွေအတွက် တော့ ဖျော်ဖြေရေးတွေကို သွားပြီး ငွေကြေးဖြုန်းတီးနိုင်ဖို့ မလွယ်ကူဘူးဖြစ်နေတုံးပဲလေ… ဘ၀အမောပြေဖို့ ပိုက်ဆံအကုန်နည်းတဲ့နည်းစနစ်လေးတွေများ ထွင်ဖို့စိတ်မကူးကြလေရော့ သလားမသိဘူးနော်… စဉ်းစားကြည့်တာပါလေ… မဖြစ်နိုင်မှန်းတော့သိနေတယ်… အပန်းဖြေ စခန်းဆိုတာကိုက အပန်းဖြေဖို့ ငွေအကုန်အကျအတော်အသင့် ခံနိုင်ပါမှ ဖြစ်မှာလေ… စီးပွားရေးလုပ်နေကြတာကိုးဗျ… စီးပွားရေးလုပ်ပါတယ်ဆိုမှ အမြတ်အစွန်းများများရမယ့် အလုပ်ကိုပဲလုပ်ကြပေတော့မပေါ့… အရှုံးခံပြီး ဘယ်လုပ်ကြလိမ့်မတုံး… ဒါပေမယ့်လည်း စိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ တစ်ခုမဟုတ် တစ်ခုတော့ ရှာကြံနေကြတာပဲ…
Image from google
အချို့သောသူတွေက စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အရက် ဘီယာ တွေသောက်ကြတယ်… အချို့သောသူတွေက လောင်းကစားလေးတွေလုပ်ကြတယ်… အပြင်းပြေဆိုပီး ဂိမ်းလေးတွေ ကစားကြတယ်… ပျင်းရင် ကျားထိုးတယ် chess ထိုးတယ် ဆိုတာ တကယ်တော့ စိတ်ထွက် ပေါက်ရှာကြတာပါ… အဲလိုမှ စိတ်ထွက်ပေါက်မရှိသူတွေကို ကြည့်လိုက်ရင် ဒေါသအမြဲလိုလို ထွက်နေတာကို တွေ့ရတယ်ဗျ… ကိုယ့်အတွက်တိုးတက်စရာလမ်း ဖြစ်စေမယ့်အရာတွေကို တော့ မလုပ်ကြဘူး… စာဖတ်မယ်… ပညာရပ်အသစ်တစ်ခု သွားသင်နေမယ်ဆိုရင်လည်း စိတ်ရဲ့ထွက်ပေါက်တစ်ခု ဖြစ်စေတာပါပဲ… စိတ်ထွက်ပေါက်တစ်ခုလုပ်တာက ကောင်းတဲ့ စိတ်ထွက်ပေါက်လုပ်ခြင်းက ဘ၀အတွက် အဆင်ပြေမယ်ထင်တယ်ဗျ… ဒါမှလည်း တိုးတက်တဲ့ဘ၀ကို တဖြည်းဖြည်းချင်း ပိုင်ဆိုင်နိုင်မယ်… တစ်ဆင့်ချင်းစီ တက်သွားကြမည်ဆို နေရာတစ်ခုတော့ ရောက်မှာပေါ့… ပရဟိတ လုပ်ငန်းတွေမှာ ၀ိုင်းကူပြီးလုပ်အားပေးတာက လည်း စိတ်ရဲ့ထွက်ပေါက်တစ်ခု ဖြစ်စေမှာပါပဲ… ဘာကြောင့်ဆို တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်မဟုတ်တော့ လူတွေနဲ့ ထိတွေ့ဆက်ဆံကြရမယ်… စိတ်ကျဉ်းကျပ်နေတာတွေ ပြေလျော့မယ်…
Image from google
စိတ်ရဲ့ထွက်ပေါက်ဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်လို့မြင်တယ်ဗျို့… စိတ်ထွက်ပေါက်မရလို့ ရူးနေသူတွေကို မြင်တွေ့ကြဘူးမှာပါ… အဲလိုရူးသွားရင်တော့ သူတို့ တစ်တွေက သူတို့ဖြစ်ချင်တာတွေ စိတ်ထဲမှာ အကုန်ဖြစ်နေကြတတ်တယ်တဲ့… သူတို့လိုချင်တာတွေ စိတ်ထဲမှာ အကုန်ရနေတတ်ကြတယ်တဲ့… တနည်းပြောရရင် ရူးသွားရင် စိတ်ချမ်းသာနေတယ်လို့ပြောကြတယ်… မရူးမကောင်းတွေသာ ဆိုးနေတတ်တာတဲ့… အဲဒီလို ရူးသွားတဲ့သူတွေထဲမှာ မယားတရူးတို့ လင်တရူးတို့တော့ မရူးတာကောင်းလိမ့်မယ်ဗျို့… နို့မို့ တွေ့ကရာ ကိုယ့်ယောက်ျား ကိုယ့်မိန်းမဆိုပြီး လိုက်ဆွဲနေရင်တော့ ဒုက္ခ ဖြစ်မယ်ဗျို့… ငယ်စဉ်က အရူးတစ်ယောက်ကို သိခွင့်ရခဲ့တယ်ဗျ… သူ့မိသားစု အသိုင်းအ၀ိုင်းက ငွေကြေး အတန်အသင့်ချမ်းသာတယ်လို့ပြောကြတယ်… တိုက်တွေ ကားတွေနဲ့နေနိုင်ကြတယ်ဆိုကြ တယ်… ဒီတော့ ရူးနေတဲ့သူ့သားကို အခန်းထဲမှာ ပိတ်လှောင်ထားတတ်တယ်ဆိုပဲ… ဒီတော့ အဲဒီအရူးက အိမ်မှာ လူလစ်တာနဲ့ စစ်ကိုင်းကို ထွက်ပြေးလာတော့တာပဲ… အဲဒီအရူးက စစ်ကိုင်းက မဟုတ်ဘူး… အခြားမြို့ကဗျ… ခုချိန်ထိ သူ့အိမ်ကို လုံးဝမပြန်တော့ဘူးဗျ… အိမ်ပြန်ပို့ပေးမယ်ပြောရင် အင်မတန်ဒေါသတကြီးနဲ့ တုံ့ပြန်တတ်တာ တွေ့ရတယ်ဗျ… ဒီလိုနေရာတာ သူ့ရဲ့စိတ်က ချမ်းသာနေတာဆိုတော့ အိမ်ခန်းတဲ့ ပိတ်လှောင်ခံရမယ့်ဘ၀ကို ဘယ်သွားချင်မလဲဗျ…
Image from google
ဓာတ်စက်သံမကြားလိုက်နဲ့ အဲဒီလူက ရောက်ပီးသားပဲဗျ… အလှူပွဲပဲဖြစ်ဖြစ် ဘာသာရေးပွဲပဲဖြစ်ဖြစ် မင်္ဂလာဆောင်ပဲဖြစ်ဖြစ် ဓာတ်စက်သံကြားတာနဲ့ ရေမိုးချိုး တိုက်ပုံအင်္ကျီ ၀တ်ပြီးသွားတော့တာပဲဗျို့… အရူးကိုတော့ ဘယ်သူက အရေးလုပ် ဖိတ်မလဲ ဗျ… သူ့ဖာသာသူ သွားတာပေါ့… ဘယ်မှာ ဘယ်အလှူရှိတယ်ဆိုတာလည်း သိနေတယ်ဗျ… အဲဒါလည်း အံ့သြစရာတစ်ခုပဲဗျ… ဘယ်မှ သွားတာ လာတာ မရှိပါပဲနဲ့ ဘယ်လိုက ဘယ်လို အလှူ မင်္ဂလာဆောင် ဘာသာရေးပွဲတွေ ရှိမှန်း သိနေသလဲ ခုချိန်ထိ အဖြေမပေါ်ပါ ဘူးဗျာ… လူတွေကလည်း တိုက်ပုံနဲ့ စမတ်ကျကျလာတာဆိုတော့ ကောင်းကောင်းမွန်မွန် ဧည့်ခံကြတာပေါ့လေ… နောက်မှ စားတာသောက်တာကြည့်ပီး သိပ်စိတ်မနှံ့မှန်းသိကြရတာ ဗျို့… နောက်ကျတော့လည်း သိနေပေမယ့် မောင်းမထုတ်ကြတော့ပဲ သူ့ကို သီးသန့် ၀ိုင်းနဲ့ပဲ ဧည့်ခံကြရတာပေါ့… ရူးသာရူးတာ သီးသန့်ဝိုင်းနဲ့ စားရတာနော်… ကုရင်ကောင်းနိုင်မယ်လို့ ထင်ရပေမယ့် မကုပေးပဲ ပိတ်လှောင်ထားတော့ ထွက်ပဲပြေးနေတော့တာပေါ့…
Image from google
စိတ်ဖိစီးမှုတွေများလာရင် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ထိခိုက်မှုတွေများလာတတ်တယ်… သဘာဝကပေးထားတဲ့ ကျန်းမာရေးအတွက်လက်ဆောင်တစ်ခုရှိတယ်… အဲဒါကတော့ ရယ်မောခြင်းပဲဖြစ်ပါတယ်… ရယ်မောခြင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တင်မကဘူး… လူမှုဆက်ဆံရေးနယ်ပယ်တွေမှာပါ ကောင်းကျိုးပြုတတ်တယ်… ဒီတော့ စိတ်ရှုတ်နေကြတယ် စိတ်ဖိစီးနေကြတယ်ဆို ရယ်စရာလေးတွေ ရရှိအောင် ကြံဆောင်သင့်တယ်… ရယ်စရာ ကာတွန်းကားကြည့်လိုက်ရင်ကို စိတ်ဖိစီးမှုတွေ အတော်လျော့ကျသွားတတ်တယ်ဗျို့… ဒီတော့ ကာတွန်းကားလေးတွေကြည့်ပြီးတော့ပဲဖြစ်ဖြစ် စိတ်အပန်းပြေအောင် လုပ်သင့်ပါတယ်ဗျ… မြန်မာဇာတ်ကားတွေကြည့်ပြီး ရယ်ချင်လည်း ရယ်ကြပေါ့... တင်းနေတဲ့အကြောလေးတွေ လျော့ကျသွားတာနဲ့အတူ ကျန်းမာရေးလည်း ပိုကောင်းသွားမယ်ဗျ... နောင်နေ့မှ ရယ်မောခြင်းနဲ့ပတ်သက်တာလေးရေးတင်ပေးပါဦးမယ်... သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း အတူသွားလာပျော်ရွှင် နိုင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုရင်း ရပ်နားလိုက်ပါတယ်ဗျာ…
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-Mar-2018 သောကြာနေ့(Friday)