မင်္ဂလာပါ မိတ်ဆွေတို့ရေ....
ဒီနေ့ဟာ သီတဂူဆရာတော်ကြီး ဦးဉာဏိဿရ
သက်တော် ၈၂ နှစ်ပြည့် မွေးနေ့ အလှူတော်နေ့
ဖြစ်ပါတယ်။
ခါတိုင်းနှစ်များတွင် ဆရာတော်ကြီး၏ မွေးနေ့အလှူတော်
ရှင်အပါး ၁၀၀၀ ဆွမ်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ လောင်းလှူ
ပူဇော်ပွဲကို သီတဂူဗုဒ္ဓတက္ကသိုလ် ၌ ကျင်းပမြဲ
ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ရာဇမဏိစူဠာ
ကောင်းမှုတော်စေတီတော်မြတ်ကြီး ၌ ကျင်းပဖြစ်ပါတယ်။
အကြောင်းမှာ ကောင်းမှုတော်စေတီတော်မြတ်ကြီး အား
ရွှေသင်္ကန်း ကပ်လှူထားရာမှ ရှေးအမွေအနှစ် အတိုင်း
ဖြစ်စေရန် ထုံးသင်္ကန်း သို့မဟုတ် အဖြူဆေးသင်္ကန်း
ပြန်လည် ကပ်လှူပူဇော်ရန်နှင့် စည်တော်ကြီး
တင်ဆောင်ရန် ရှိသောကြောင့် ဖြစ်ပါသည်။
ယမန်နေ့ကပင် စတင်လျက် ဆွမ်းလောင်းလှူခြင်း၊
စတုဒိသာကျွေးလှူခြင်းနှင့် အဆိုအကများဖြင့် ဧည့်ခံခြင်း
တို့ကို ကောင်းမှုတော်စေတီ ပရဝုဏ်အတွင်း
ပြုလုပ်လျက် ရှိပါတယ်။
ကောင်းမှုတော်စေတီတော်မြတ်ကြီး သည် သာလွန်မင်းတရားကြီး
တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်း
ဗုဒ္ဓဘာသာ အမွေအနှစ် စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။
စည်တော်ကြီး တင်ဆောင်မင်္ဂလာကို ပြုကြမည် ဖြစ်သည်။
စည်တော်ကြီးသည် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ဖြစ်ပေသည်။
ပေး၍မကုန် လှူ၍မခမ်း ဆိုသည်အတိုင်း
ဗုဒ္ဓဘာသာဝင်တို့၏ ဆွမ်း၊သင်္ကန်း အစထား၍
လှူဖွယ်ဝတ္ထုအစုစုတို့ကို ရှင်အပါး ၁၀၀၀ အား
လောင်းလှူပူဇော်ကြသည်မှာ ရှုဖွယ်မဆုံး အံ့ဩမကုန်
ရှိသည်သာမက ပီတိဝေဆာ သာယာဖွယ် ရှိလှသည်တကား။
သီတဂူဆရာတော်ကြီး သည်လည်း သံဃာ့အာဇာနည်
တစ်ပါး ဖြစ်သည်နှင့်အညီ ကမ္ဘာ ပတ်ကာ
သာသနာပြုနိုင်ရုံ မကဘဲ ပရဟိတ အရာတွင်လည်း
ပြိုင်စံရှားသော ပုဂ္ဂိုလ်ထူးမြတ်တစ်ပါး ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်း
သူတော်ကောင်းတို့ တွေ့မြင် သိရှိ ဖူးခွင့်ရစေရန် အလို့ငှါ
ကျွန်တော်သည်လည်း ကိုယ်တိုင်ကိုယ်ကျ
သွားရောက်ဖူးမြော်ကာ မှတ်တမ်း ဓာတ်ပုံ
ရိုက်ယူရုံမကဘဲ ဤပေါ်ဝယ် ထပ်မံ မျှဝေ
တင်ပေးလိုက်ရပါတယ်။
တောင်းဆုမျှော်ရည်
ကောင်းမှုတော်ဆီ
တစ်ခေါက်လှမ်းလို့
အရောက်မြန်းကာ
ကောင်းချီးဝေဆာ
မင်္ဂလာဆင့်
အမြင် တင့်ဆန်း
စည်တော် ရွမ်းလို့
ဝမ်းမြောက်စေကြောင်း
အောင်စေကြောင်းနှင့်
အဆင်သင့်လှ
ခုဘဝမယ်
သံသာဘက်ကမ်း
ကူးမြောက်လှမ်းရာ
ကောင်းစေသာဖို့
တောင်းဆုမျှော်ရည်
ကောင်းမှုတော်ဆီ
အရောက်ဖူးကြပါစို့
ဟု နှိုးဆော်လိုက်ရပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193