အလွမ်းတွေကို သီရမယ်ဆိုရင်ပေါ့ ကောင်မလေးရေ။ တစ်ချိန်တစ်ခါက အနမ်းဖွဖွတွေကို တသသလွမ်းရင်း မင်းကို လွမ်းနေဆဲ ဒီလူတစ်ယောက်ရှိနေတယ်ဆိုတာကိုသာ သိခဲ့ရင် သမင်လည်ပြန်အလွမ်းနဲ့များဘကိုယ့်ကို သနားမိနေအုံးမလားဟင်..
ချစ်တတ်သူရဲ့ နှလုံးသားက နဂိုကတည်းက အက်ရှရှနဲ့မို့ ခဏလေးနဲ့ ကွဲသွားခဲ့တယ်ဆိုရင် မင်းယုံမလား..
နာကျင်ကြေကွဲ မျက်ရည်တွေထဲမှာ မင်းကိုလွမ်းရင်း တမ်းတနေဆဲအတိတ်တွေကို ကြေကြေကွဲကွဲ သတိရနေသူဟာ ငါဆိုရင် မင်းလေးတစ်ယောက် ကိုယ့်ကို ရူးနေသူတစ်ယောက်လို့များ ဆိုလေမလား..
ကိုယ်က အချိန်နာရီတွေရဲ့ သတ်မှတ်ချက်နဲ့ လွတ်ကင်းလို့ ကိုယ်တို့ ကြေကွဲဖို့ ဆုံတွေ့ခဲ့ကြတဲ့ ကျောင်းတော်ရဲ့ နေရာဟောင်းမှာ အခုတော့ ကိုယ်တစ်ယောက်ထဲနဲ့ အရင်လို ရယ်သံညံညံလေးတွေကို လွမ်းနေဆဲဆိုတာ ကောင်မလေးသိရင် ကောင်းမယ်လေ..
အတန်းထဲမှာ စာသိပ်ညံ့တဲ့ကိုယ် သိပ်ကိုရိုးသားပွင့်လင်းပြီး စာတော်တဲ့ မင်းလေးက ကိုယ့်ကို စာတွေရှင်းပြလို့ ရင်းနှီးခဲ့ကြရတယ်နော်..
အဲ့ဒီတုန်းကတော့ ကိုယ့်အပါးမှာ ကိုယ်ရံတော်နတ်သမီးတစ်ပါး အခစားဝင်ရောက်လာသလိုမျိုး ကိုယ် ခေါင်းကိုမော့ ရင်ကိုကော့ပြီး ကျောင်းတော်အလယ်မှာ မော်ကြွားခဲ့ဖူးတာပေါ့ ကောင်မလေးရေ..
ရယ်လိုက်တိုင်း ပါးချိုင့်လေးတစ်ဖက် လင်းလက်သွားတတ်တဲ့ မင်းလေးရဲ့အပြုံးတိုင်းအတွက် ကိုယ်ဟာ မင်းပါးချိုင့်လေးအတွက် ပျော်တော်ဆက်ခဲ့ရဖူးတဲ့ လူရွှင်တော် တစ်ယောက်လည်း ဖြစ်ခဲ့ဖူးလေရဲ့..
အဲ့ဒီအချိန်တွေကတည်းက ကိုယ့်နှလုံးသားမှာ နားခိုခွင့်ပေးခဲ့မိတဲ့ နေရာလပ်လေးဟာ မင်းတစ်ယောက်ထဲအတွက်ပါ ကာင်မလေးရေ...
မပြည့်စုံခြင်းတွေနဲ့ ထုံမွှန်းထားတဲ့ ကိုယ့်ရဲ့လောကဓံမှာ ချစ်ရတဲ့မင်းလေးကိုပါ ကျိန်စာမသင့်စေချင်ခဲ့ဘူးလေ..
Image source
ငွေတစ်ခုထဲနဲ့ပြည့်စုံရမယ့်ဘဝဆိုရင် ကိုယ်မကြောက်ပါဘူး။အချစ်တစ်ခုထဲနဲ့ ပြည့်စုံရမယ်ဆိုရင်လည်း ကိုယ်မမှုပါဘူးလေ..
ကိုယ်လိုချင်တာက မင်းလေးရဲ့ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်နတေဲ့ဘဝကိုလေ..
ဒါဟာ အတ္တတစ်ခုဖြစ်ပါစေ မင်းကိုချစ်မိတဲ့ ကိုယ့်ချစ်ခြင်းဟာ ပေးဆပ်ခြင်းနဲ့ပြည့်စုံချင်သူပါလေ..
ကောင်မလေးရေ
မင်းလေးရဲ့ လင်းလက်တဲ့အပြုံးတွေနဲ့ တစ်ပါးသူရင်မှာ ထာဝရပျော်ရွှင်နေနိုင်တယ်ဆိုရင် ကိုယ်ဟာ မမျှော်သာ တော်ရာအလွမ်းနဲ့ ပေးဆပ်လို့ပျော်နေမယ့်သူပါ ကောင်မလေးရေ..
တိတ်ဆိတ်ကြေကွဲနေမိတဲ့ စာမျက်နှာတွေထက်မှာ မင်းရဲ့ ပါးချိုင့်လေးကို သတိတရ လွမ်းနေမိရရုံနဲ့၊ ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်တွေထဲမှာ ကောင်မလေးကို သတိတရ လွမ်းနေခွင့်ရရုံနဲ့ ကောင်မလေးရေ...
မင်းအတွက် ကိုယ်ဟာ ကမ္ဘာမြေကြီးရဲ့ တစ်နေရာကနေ ပေးဆပ်ခြင်းအတ္တတစ်ခုနဲ့တော့ မှတ်မှတ်ရရလေး လွမ်းနေပါရစေကောင်မလေးရေ..
လွမ်းနေခွင့်လေးတော့ ပေးပါ ကောင်မလေးရေ...
Image source
Writter @htetnainglin
Msc 188