နိုင်ငံတော်က လှုမှုပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ
ရေးနှစ်မှာ အသက် ၉၀ကျော်သူများကိုပေးခဲ့သည်။
ယခုအခါ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်
အသက် ၈၅နှစ်များကိုလည်း လူမှုပင်စင်
ပေးမည့်အကြောင်းသိရှိရသည်။ အဆိုပါအကြောင်းကို အမေ့ကိုပြောပြလိုင်သည့်အခါ အမေက
ပြောသည်။
”ဟဲ့ ငါ့အသက် ၈၅နှစ် ပြည့်ပလား ကြည့်ကြပါအုံး
အကျုံးဝင်ရင် ငါလဲ အဲ့ဒီဟာရမယ်ထင်တယ်”
”ဟင်အမေက အဖေ့ပင်စင်ရတယ်လေ
ပင်စင်နှစ်မျိုးကြီးဆို နိုင်ငံတော်က
မပေးလောက်ဘူးထင်တယ် အမေက
လောဘကြီးသဗျ”
”ပိုက်ဆံမယူချင်သူ မရှိပါဘူး ရရင်တော့
ယူချင်တာပေါ့ကွယ်”
”အမေက ချမ်းသာပါတယ်ဗျ တခြားဘာဝင်ငွေမှ
မရှိတဲ့ အဘိုးအဘွားတွေရကြပါစေ သူတို့ခမျာ
ဘာဝင်ငွေမှမရှိတာ ဒီငွေလေးရတော့ သုံးချင်
တာလေးသုံးရတော့ ပျော်ရှာကြမှာ။ အမေတောင်
အဖေ့ပင်စင်ရတဲ့နေ့ဆို မျက်နှာကတပြုံးပြုံးနဲ့
မဟုတ်လား”
”အံမယ်... ကျုပ်ကလောဘမကြီးပါဘူးနော်
ရတဲ့ပိုက်ဆံ ဘုန်းကြီးတို့ သီလရှင်တို့
လှူချင်လို့ပါကွဲ့”
”အမေက ပိုက်ဆံပိုလေးရှိလို့လှူနိုင်တာပေါ့
ကိုယ့်မှာစားစရာမရှိပဲတော့ ဘယ်သူမှ မလှူပါဘူး
ဟုတ်ဘူးလား”
”တကတည်း သူတို့ပိုက်ဆံက ရ ရပါစေအုံး
ကျုပ်ကိုဆရာကြီးလုပ်ပြီးပြောနေလိုက်ကြတာ။
နင့်တို့အဖေပင်စင်ငွေကို ငါတစ်ယောက်ထဲ
သုံးရတာမဟုတ်ပါဘူးတော်။ တော်တို့တွေလည်း
ဝိုင်းသုံးနေကြတာပါ”
”အမေ့ကို ဆရာလုပ်တာဟုတ်ပါဘူးအမေရာ
အမေပဲပြောတယ်လေ။ အမေစုအစိုးရကို
ကူညီချင်တယ်ဆို။ ပင်စင်နှစ်မျိုးကြီး ရမယ်ဆိုရင်
ကိုယ့်ရဲ့အမှန်တကယ်ရပိုင်ခွင့်ပင်စင်သာ ထုတ်ယူ
တာနဲ့လည်း အစိုးရကိုကူညီရာရောက်တာပဲလေ”
”အော်..အေ...အဲ့လိုလား ဒီလိုဆိုလည်း နှစ်ခုကြီး
မရချင်ပါဘူးလေ။ ကိုယ်တွေက သားသမီး
လုပ်စာရော ကိုယ့်ပင်စင်ရောဆိုတော့ ချောင်ချောင်လည်လည် သုံးရတယ်။ ကိုယ်လိုဝင်ငွေမရှိသူတွေ
သုံးကြရှာရတာပေါ့”
”အင်း...လောဘ လောဘ တယ်ကြောက်ဖို့ကောင်း
ပါလား။ ရပြီးရင်း ရချင်။ မကုန်ဆုံးနိုင် အတော
မသတ်နိုင်တဲ့လောဘအပူတွေ။ ကိုယ်တွေ
ထမင်းစားချိန်မှာ ဝဝလင်လင် အေးချမ်းစွာ
စားသောက်ရတယ်၊အိပ်ချိန်မှာ အပူအပင်မဲ့
ကြောင့်ကြမဲ့ကောင်းစွာအိပ်စက်ရတယ်
ဒါကပင် ချမ်းသာခြင်းတစ်မျိုးပါလေ”
”ဟုတ်တယ်အမေ သူများတွေ ရေဘေး
လေဘေး သဘာဝဘေးတွေနဲ့ ဒုက္ခရောက်နေကြတာ
စစ်မက်တွေဖြစ်နေကြတာ အိပ်ကောင်းခြင်း
စားကောင်းခြင်းတွေနဲ့ ကင်းကွာနေကြရတယ်
အမေ”
”အော်...ဒုက္ခ... ဒုက္ခ.. လောဘ ဒေါသ မောဟ
တွေကြောင့် ကမ္ဘာမြေက မခံနိုင်ရှာတော့တာ
နေမှာပေါ့လေ သတ္တဝါတွေ ကျန်းမာ
ချမ်းသာကြပါစေ....
ဘေးရန် ကင်းကြပါစေ ငြိမ်းချမ်းကြပါစေ.....”
အမေသည် နုတ်မှရွတ်ရင်း ဟိုးအဝေးကို
ငေးနေပါတော့သည်။