နွေရာသီ ရောက်ပြီဆိုတော့ ကျွန်တော် မီးအကြောင်းပဲ ဆက်ရေးပါမည်။ ပြီးခဲ့သည့်ပိုစ့် နွေရယ် မီးရယ်
မန္တလေးရယ်မှာ မန္တလေး၏ နာမည်ကြီးသော
ဦးကျားကြီးဝင်းမီးအကြောင်းရေးသားခဲ့ပါသည်။
ယခုလည်း ဦးကျားကြီးမီးနှင့် ပတ်သက်ပြီး
ရေးစရာလေးများကျန်ရှိနေပါသည်။ ကျွန်တော်
၏ အစ်မနှင့် ဦးကျားကြီးမီးလို့ခေါင်းစဉ်တပ်ရပါအုံးမည်။
ကျွန်တော်တို့မန္တလေးသည် ယခင်က အိမ်တွင်းမှု
လုပ်ငန်းလေးများလုပ်ကိုင်ကြသည်။ နေကြာစေ့၊
ဇီးယို၊ မုန့်မျိုးစုံ၊ အချဉ်ပေါင်းထုပ်နှင့် ဘီစကစ်ထုပ်သည့် တပိုင်တနိုင်အိမ်တွင်းမှုလုပ်ငန်းလေးများ
လုပ်ကိုင်ကြသည်။ ရောင်းကောင်းသည့်သူများက လူငှါးခေါ်၍လုပ်ကိုင်ကြသည်။ ကျွန်တော့်အစ်မက
ဘီစကစ်ထုပ်သည့်အလုပ် လုပ်သည်။ တစ်နေ့
လုပ်ခ ၆ကျပ်ရသည်။ မနက် ၈နာရီမှ ညနေ
၅နာရီထိနောက်ကျောတက်အောင် ထုပ်ရသည်။
အစ်မ ဘီစကစ်ထုပ်သည့်အိမ်သည် လမ်း၃၀ တွင်
ရှိသည်။ တရုတ်အိမ်ဖြစ်သည် တရုတ်များသည်
စိတ်ရင်းကောင်းသူရှိသလို ကပ်စေးနဲသူလည်းရှိ
သည်။ အစ်မ ဘီစကစ်လုပ်သည့် တရုတ်များက
ကပ်စေးနဲပေသည်။ မနက် အလုပ်စဝင်သည့်အချိန်မှ
ညနေ အလုပ်ဆင်းသည့်အချိန်ထိ အိမ်အပြင်သို့
မထွက်ရပေ။ ထမင်းစား၊ အပေါ့အပါးသွာသည့်
နေရာကို တစ်နေရာတည်းပေးထားသည်။
တခါတလေ ပလပ်စတစ်အတွင်း တံဆိပ်များ
ထည့်သည့်အခါ မပြီး၍အိမ်ယူကာထည့်ရသည်။
ထိုအခါ ကျွန်တော်တို့ကဝိုင်းကူလုပ်ပေးရသည်။
ပလပ်စတစ်အိတ် အသေးလေးအတွင်း တံဆိပ်
စာရွက်အသေးလေးများကို ထည့်ရသည်မှာ
လက်ဝင်လှသည်။ နောက်ကျောတက်ပေသည်။
အစ်မ မှာက ကျွမ်းကျင်၍ သူထည့်သည့်အခါ
မြန်ဆန်လှသည်။ ကျွန်တော်တို့ပင် တံဆိပ်ထည့်ပါများလာသည့်ခါ မြန်ဆန်သွက်လာသည်။တံဆိပ်
ထည့်တာနဲ့ မီးလောင်သည့်အကြောင်း လမ်းလွှဲ
သွားသည်။ ဦးကျားကြီးဝင်း မီးလောင်သည့်နေ့က
အစ်မတို့ အလုပ်သမား ၃ဦးသည် အိမ်အနောက်
ဖက်မှာ ဘီစကစ်ထုပ်နေကြသည်။
မီးလောင်သဖြင့် မီးသတ်ကားများ ဥသြဆွဲ၍
မောင်းနေကြသည်။ အစ်မတို့မှာ အလုပ်ကို
အာရုံစိုက်နေ၍ ပထမ မသိကြပါ။ မီးများလာ၍
မီးသတ်ကားများ အဆက်မပြတ်ဥသြဆွဲမှသာ
သိကြတော့သည်။ မီးသတ်ကားသံကြား၍
မီးဘယ်မှာလောင်သလဲ သိချင်၍ အပြင်ထွက်
ကြည့်မည်လုပ်သောအခါ ပိုင်ရှင်တရုတ်မက
အဝေးကြီးပဲ အလုပ်ပြန်လုပ်ကြဟုပြောသည်။
အစ်မတို့မှာ အလုပ်သာလုပ်နေသော်လည်း
မီးသတ်ကားသံများကြောင့် စိတ်မဖြောင့်ကြချေ။
အလုပ်လုပ်နေကြရင်း နာရီဝက်ခန့်အကြာမှာ
မီးလောင်ညှော်နံများရကြသည်။ ထို့ကြောင့်
အစ်မသည့် ဘာဖြစ်ဖြစ်ဟုစိတ်မှာ အောင်းမေ့၍
ထွက်ကြည့်လေသည်။ ထိုအခါမှာတော့ အစ်မသည်
မျက်လုံးကြီးပြူးကာ ထိတ်လန့်စွာဖြင့်
”အမ်မလေး ဘုရားရေ မိစုတို့ရေ မီးတွေ
မီးတွေ တို့ဘေးအိမ်တောင် လောင်နေပြီဟဲ့”
သူ့ သူငယ်ချင်းများကို အော်ပြောကာ ဖိနပ်ပင်
မစီးတော့ပဲ ဝင်းတံခါးကျော်ကာပြေးလေတော့
သည်။ လမ်းတလျောက် ဖိနပ်မပါခြေဗလာဖြင့်
အိမ်သို့ပြေးလာခဲ့သည်။ လမ်းတွင် ဘူတာကြီး
နှင့် တရုတ်တန်းကိုကူးသည့် လူကူးဂုံးကျော်တံတား
ပေါ်တွင် လူများပြည့်ကျပ်နေသည်။ ထိုဂုံးကျော်မှ
ဖြတ်ကျော်မရသဖြင့် အုတ်တံတိုင်းကိုကျော်ကာ
အိမ်ရှိရာပြေးလာခဲ့သည်။
အိမ်ရောက်၍ အမောတကောဖြင့် အစ်မကပြော
သည်။
”အမေ ပြေးကြစို့ ပြေးကြစို့ မီးတွေက အများကြီး
အမေတို့ နေရင်နေခဲ့ ကျုပ်တော့ပြေးမှာပဲ”
ကျွန်တော် အစ်ကိုကြီးက အစ်မအားလှုပ်ရမ်းကာ
ပါးများကို ခပ်စပ်စပ်ရိုက်လေသည်။
”မီးတွေ မီးတွေ အလုပ်အိမ်ကိုစွဲလောင်နေပြီး
ပြေးကြစို့ ကျုပ်တို့ဆီလည်းကူးလာနိုင်တယ်”
အစ်မကို ရေတိုက်ကာ မီးများလောင်နေသည်ကို
လှမ်းကြည့်နေကြသည်။ အမေက အစ်မကို
စိတ်အေးအေးထားရန်ပြောနေသည်။ မီးများ
က အရှိန်အဟုန်ကြီးစွာ ဆက်လက်လောင်နေသည်။
မီးသတ်ကားသံများက ဆူညံစွာဖြင့် မန္တလေးမြို့ကြီးက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလေသည်။
မီးဘေးရှောင်သူများက အထုတ်ကြီးအထုတ်ငယ်များသယ်ကာ ဆိုက်ကား၊ ခြေလျင် ၊ ကားများဖြင့်
လမ်းမများထက် ပြည့်ကြပ်နေပေသည်။
အိမ်နီးချင်းများကလည်း အထုတ်များထုတ်ကာ
မီးဘေးရှောင်ကြသောအခါ ကျွန်တော်တို့လည်း
အထုတ်ပြင်ကြသည်။ ကျွန်တော့် အစ်မမှာ
အိမ်မှာရှိသမျှ အဝတ်အစုတ်များပါမကျန်
မုံရွာ ငါးစပ်စောင်ကြီးဖြင့်ထုတ်ကာ ခေါင်းပေါ်
ရွက်၍သွားလေတော့သည်။ နန်းရှေ့ရှိ ဒေါ်ကြီး
၏ ဓမ္မစကြ်ာရိပ်သာသို့ အထုတ်များရွက်ကာ
ခြေလျင်သွားကြသည်။
ဒေါ်ကြီးရိပ်သာတွင် အိပ်ကြပြီး မနက်မီးငြိမ်းသောအခါ အိမ်ပြန်ကြသည်။ အိမ်သို့ပြန်သောအခါ
အလာတွင် မီးလောင်သည့်အရှိန်ကြောင့် ဇွဲဖြင့်
မ လာခဲ့သော အထုတ်များကို အိမ်အပြန်မှာ
မသယ်နိုင် မရွက်နိုင်ကြတော့ပေ။ ထိုအထုတ်များ
ရွက်သယ်ရသည့် အကြောင်းအရာများကို
ယခုအခါ အချိန်ကြာမှသာ မိသားစုတွေ ပြောဆိုကာ ရီမောနိုင်ကြပါတော့သည်။
@htwegyi
Photo credit
MSC.036