နေပြည်တော်ငလျင်နှင့် မြန်မာ့ပညာရပ်များ
၈.၃.၂၀၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၃ မိနစ်မှာ နေပြည်တော်မှာ ငလျင်လှုပ်သွားတယ် အင်အားရစ်(ခ) တာစကေး ၅.၅ တဲ့။ဝန်ထမ်းတွေတော်လန့်ကုန်ကြတယ်။တိုက်တွေကို တစ်ယောက်ယောက်က စွဲကိုင်လှုပ်ရမ်းနေ သလိုခံစားရတယ်။ ကြောက်လိုက်ကတာမပြောပါနဲ့တော့ အကုန်လုံးအောက်ဆင်းပြေးပြီး တော်တော်နဲ့ကိုပြန် မတက်ရဲကြဘူး။ တစ်ခါ ၁၁.၃.၂၀၁၈ နေ့လည် ၂ နာရီ ၄၃ မိနစ် တွင် အင်အားရစ်(ခ)တာ စကေး(၃.၈) ထပ်လှုပ်ပြန်တယ်။ အဲဒီ ၁၀.၃.၂၀၁၈ ရက်နေ့ည ၈ နာရီမှာ ငလျင်အကြီးကြီးထပ်လှုပ်မယ်လို့ ဘယ်သူကဘယ်လိုဖွလိုက်တယ်မသိဘူး။
အဲဒီနေ့မှာ တိုက်ကဝန်ထမ်းတွေ ရုန်းရုန်း ရုန်းရုန်းဖြစ်နေလို့မေးကြည့်တော့ ဒီည ၈ နာရီမှာ ငလျင်လှုပ် မယ်လို့သတင်းရထားလို့တဲ့ အကုန်လုံးတိုက်အောက်ဆင်းနေကြတယ်။ ဘယ်သူကပြောတာလဲ၊ ဘယ်သတင်းမှာ ပါတာလဲ လို့မေးတော့ ဒီလိုပဲဖုန်းဆက်ပြောကြတာတဲ့ ဘယ်သတင်းမှတော့ရှာမတွေ့ဘူးတဲ့ အလွန်ထူးဆန်းလှပါ တကား၊ မြန်မာပြည်မှာ ငလျင်ကိုကြိုတင်သိနိုင်တဲ့ ပညာရှင်များပေါ်ပေါက်နေပြီလား။ ပေါ်ပေါက်နေပြီဆိုပါက ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာ့နိုင်ငံများကမသိအောင်ဖွက်ထားဖို့လိုပါသည်။ အမေရိကန်၊ဂျပန်စသည့် နည်းပညာ ထိပ်တန်းနိုင်ငံများပင်လျင်မသိရှိနိုင်သော ပညာရပ်အား အလွယ်တကူ Facebook ပေါ်တင်၍ ဘယ်မှာဖြန့်ပါ မည်နည်း။ ထိုနေ့ညက ၈ နာရီလှုပ်မည်ဆိုသော်လည်း ဝန်ထမ်းများမှာ ၁၂ နာရီထိုးသည့်တိုင် မအိပ်ရဲကြ နောက်မှ မလာလောက်တော့ပါဘူဆိုပြီး စိတ်လျော့ကာအိပ်ပျော်ကြကုန်လေသည်။
၁၂.၃.၂၀၁၈ ရက်နေ့ တိုက်တွင်ထွန်းထားသော မီးလုံးများတိုင်း၌ ပလူများဝဲပျံနေကြသည်။ ကျွန်ုပ်တို့ လည်း အိမ်ခန်းအတွင်းမှ မီးလုံးများကို ပိတ်ပြစ်လိုက်ကြသည်။ ပိုးကောင်များကြောင့် နေလို့ထိုင်လို့မရအောင် အနှောက်အယှက်ဖြစ်နေသည်။ ထမင်းချက်စားဖို့ပင်အဆင်မပြေပါ။ မီဖိုချောင်အတွင်းလည်း ပိုးကောင်တွေ ခဲခဲလှုပ်နေသည်။ မီးအားလုံးပိတ်၍ ခတ္တစောင်ဆိုင်းနေကြရသည်။ ထိုအခိုက် တိုက်ကဝန်ထမ်းများ ဟို့နေ့ကလို ရုန်းရုန်း ရုန်းရုန်းဖြစ်နေပြန်သည်။ ဘာဖြစ်လိုလဲမေးတော့ လူတွေပြောနေကြတယ် ပလူတွေပျံတာ ငလျင်လှုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့ ။ ဒီနေ့တော့ တိုက်မှာမအိပ်တော့ဘူး။ စည်ပင်ဧည့်ရိပ်သာမှာသွားအိပ်ကြမှာတဲ့ ။
သူတို့တွေထွက်ကုန်ကြတော့ အိမ်ကမိန်းမလုပ်သူလည်း အိမ်မှာမအိပ်ရဲဘူးတဲ့၊ သူ့အလုပ်သမားတစ် ယောက်ရဲ့ တဲမှာသွားအိပ်တော့မတဲ့။ ငလျင်က စကိုင်းပြတ်ရွေ့ကြောင့် ဒီနှစ်ထဲမှာ နေပြည်တော်နဲ့ မန္တလေးမြို့ အကြား အကြီးကြီးလှုပ်ဖို့ရှိတယ်လိုတော့ သတင်းတွေဖတ်ဖူးပါရဲ့။ ဒါပေမယ့် ဘယ်အချိန်မှန်းမသိပဲ ကြိုတင်ပြီး သူများအိမ်သွားသွားအိပ်ဖို့ဆိုတာက ဘယ်လွယ်မှာလည်းနော်။ ဗုဒ္ဓဘာသာပဲ ဒီလိုကံမျိုးနဲ့သေဖို့ကံပါလာရင်လည်း ရှောင်လွှဲလိုရနိုင်မှာမဟုတ်ပါဘူး။ ငါတော့ အလုပ်မှမထွက်နိုင်သေးတာ ဒီမှာပဲအိပ်တော့မယ်ဆိုတော့မှ ယောက်ျား စကားနားထောင်ပြီး အိပ်ယာထဲဝင်တော့တော့တယ်။ တိုက်မှာတော့ လူသံသူသံတိတ်လို့။၁၃.၃.၂၀၁၈ ရက်နေ့ နံနက် ၆ နာရီ ၀၃ မိနစ်မှာ ငလျင်လှုပ်သွားပါသေးတယ် အင်အားရစ်(ခ) တာစကေး (၃.၆)တဲ့ သူကနေပြည်တော် တော့မဟုတ်ဘူး။ နမ့်စန်မြေငလျင်တိုင်တာရေးစခန်းရဲ့ ၃၄ မိုင်ကွာဝးသောမိုင်းယောင်းမြို့နယ်၏ အနောက်ဘက် (၉)မိုင်အကွာတဲ့။
ငလျင်အသေးလေးတွေခဏခဏလှုပ်ရင်တော့ ငလျင်အကြီးကြီးကမလာတော့ဘူးပြောတာပဲ။
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo - Google