Steemit တွင်စာရေးသည့်အခါ မဂ္ဂဇင်းစာမျက်နှာများတွင်စာရေးသလို ထိန်းထိန်းသိမ်းသိမ်းရေးမနေတတ် ကြောင်းမိမိကဝန်ခံပါသည်။စိတ်ထဲရှိတာရေးချသည့်သဘော။ ဘယ်သူတော့ ဘယ်လိုထင်ပြီးဘယ်လိုမြင် သွားမလဲဆိုတာကိုသိပ်မစဉ်းစားပါ။ပြောရလျှင် သစ်ခေါင်းထဲခေါင်းလျှိုပြီးကိုယ်ခံစားချက်ကို ကိုယ်အော် ပြောရာချောင်းနားထောင်သဖြင့်တစ်ယောက်စ နှစ်ယောက်စကြားသွားသလိုသာထင်မိသည်။ လူသည်တစ် ဦးနှင့်တစ်ဦးအမြင်မတူမှုများက အစဉ်သဖြင့်ရှိနေမည်သာဖြစ်သည်။ ကိုယ်ခေါင်းထဲရှိနေသော စကား တို့သည် အမှန်တရားများဖြစ်သည် ဟန်ဆောင်မှုကင်းသည်။ လူတို့သည် အများအားဖြင့် ဟန်ဆောင် ရသည့်သဘောတော့ရှိသည်။စာရေးဆရာမင်းသိင်္ခရေးသားသည့် ဖီလော်ဆော်ဖာဦးမြသာ ထဲကလို အပြင် မှာသဘောတူကြောင်းပြောနေပြီး ရင်ထဲကသဘောမတူသာလည်းရှိသည်။အပြင်မှာ သဘောမတူ ကြောင်း ကန့်ကွက်နေရပြီး စိတ်ထဲက သဘောတူနေကြတာလည်းရှိသည်။လူမှုရေးအရဖြစ်စေ၊ အုပ်စု စည်းကမ်း အရဖြစ်စေအလိုက်သင့်နေထိုင်ကြရင်း ဟန်ဆောင်တတ်သည့် လူ့သဘောသည်ထူးပြီး ဆန်းသည်တော့ မဟုတ်ပါ။
မိမိသည်အခါအားလျော်စွာဟန်ဆောင်နေရသည့်အခါများရှိသော်လည်း ဟန်ဆောင်နေရခြင်းကို ကြာကြာမ လုပ်နိုင်၊ကိုယ်ပြောချင်သလို၊ ကိုယ်ထင်သလိုပြောချတတ်သည်။ ကိုယ်ပြောသည်ကို အချို့သဘောတူသည်။ သို့သော် ပညာရှိအမျက် အပြင်မထွက်ဆိုသလိုထိန်းထားပြီးမိမိအကျိုးမိမိကြိတ်ယူသွားတတ်သူများရှိသလို မိမိအကျိုးတစ်ခုတည်းအတွက်မဟုတ်ပါပဲ၊ အများအတွက်အမုန်းခံပြောတတ်သူလည်းရှိသည်။ ဒါကိုက လူ့သဘာဝပါပဲလေ။အချို့လည်းသဘောမတူ။ ဒါကလည်းဒီမိုကရေစီသဘောအတိုင်းသာ ကွဲပြားတဲ့အမြင် ရှိကြမည်။
ဒီလိုကွဲပြားခြားနားမှုများအတွက် မိမိစာများတွင်ထည့်သွင်းရေးသားတတ်သော်လည်း သောကရောက်နေသည့် သဘောမရှိပါ။ အစပိုင်းကဆိုခဲ့သလို မိမိပြောချင်ရာကိုသာပြောပြနေခြင်းဖြစ်ပါသည်။ ထို့ထက်တိတိပပ ပြောရလျှင် စာရေးရန်ကုန်ကြမ်းရှားလာသဖြင့် တွေးမိတွေးရာ၊ ရေးမိရေးရာ၊ရေးသားနေခြင်းလည်းဖြစ် ပါသည်။ ဝင်ရောက်ဖတ်ရှုသူပင် ရှိသည်ဟုသိပ်မထင်ပါ။ Steemit သည် social media ဆိုသော်လည်း တကယ်တန်းမှာ ပျံ့နှံ့လွယ်သော မီဒီယာတစ်ခုတော့မဟုတ်ပါ။ သို့သော် မိမိယုံကြည်သလို လျှောက်လှမ်း ရင်း မိမိလျှောက်လမ်းရသည့်အကြောင်းကို ကြုံတုန်းရှင်းပြခြင်းသာဖြစ်ပြီး သောကရှာနေခြင်းတော့ မဟုတ်ပါကြောင်းပြောပြလိုပါသည်။
အမှန်အတိုင်းဝန်ခံရလျှင် အချိန်အကြာကြီးလက်တွဲလုပ်ဆောင်ခဲ့သူများကို သံယောဇဉ်တော့ဖြစ်မိသည်မှာ အမှန်။ ရင်းနှီးနေသလိုခံစားရသည်။ အထူးသဖြင့် ဆရာတင်လှိုင် @tinhlaingoo ဆိုလျှင် ငယ်သူငယ် ချင်းလိုခင်မင်သည်။ သူကလည်း တကယ့်ငယ်သူငယ်ချင်းလို ရင်ဖွင့်တတ်လေ့ရှိသည်။ ကိုသက်ကိုဇော်၊ ကိုညီညီဝင်းတို့ဆိုလည်းထိုနည်းလည်းကောင်းဖြစ်သည်။ မတွေ့ဖူးတဲ့တနယ်တကျေးမှသူများဖြစ်သော် လည်း အကူအညီလိုလျှင်ချက်ချင်းဆောာင်ရွက်ပေးတတ်ကြသည်။ အခက်အခဲဖြစ်လျှင်အကူအညီပေးကြ သည်။မြန်မာ့ဓလေ့ကြောင့်လည်းပါမည်ထင်ပါသည်။
မည်သို့ပင်ဖြစ်ပါစေလူ့သဘာဝအရပင် သံယောဇဉ်ဟူသည် ရှိတတ်ဖြစ်တတ်သည့်သဘောရှိရာ လွမ်းစရာကိုတော့ လွမ်းမိပါသည်။
မင်းစိုးနိုင်