PI နှင့် တစ်နေ့တာ
PI token ကို Bitget ပေါ်မှာ List လုပ်ပြီးကတည်းက PI app ထဲကို မကြာခန ကျွန်တော် မွှေနေမိပါတယ်။ အဓိက ကတော့ KYC တင်ဖို့ပါ။ အဲ့ဒါ အောင်မြင်မှသာ PI တွေ Mainnet ထဲရောက်ရှိလာကာ လွဲပြောင်းလို့ ရမယ်လို့ ဆိုထားပါတယ်။
KYC တင်ရတာက မြန်မာနိုင်ငံအတွက် အတော်လေး ဇယားကပ်ပါတယ်။ ပုံမှန်ဆို မိမိရဲ့ ID ကို ရှေ့နောက် ဓာတ်ပုံရိုက်ပြီး လွယ်လွယ်ကူကူ တင်လို့ရပါတယ်။ မြန်မာ ဖြစ်နေတဲ့အတွက်ကြောင့် စာရွက်အလွတ်ပေါ်မှာ ID ထဲက အတိုင်းကို English လိုချရေးပေးရပါတယ်။ ဒါ့အပြင် လက်ရေးကလည်း ညီညာပြီး လှအုံးမှ။ ကျွန်တော် KYC အောင်ဖို့ နှစ်ကြိမ်တောင်ကြိုးစားခဲ့ရပါတယ်။ ပထမဆုံး တစ်ခေါက်က ညမှာဆိုတော့ ဓာတ်ပုံရိုက်ရတာ ခက်ခဲပါတယ်။ အလင်းနည်းနေလို့ ဖုန်းမီးနဲ့ထိုး။ မှတ်ပုံတင်က ကော်ရည်လောင်းထားလို့ အလင်းပြန်။ မှတ်ပုံတင်ရဲ့ ခေါင်းကနေ ဖုန်းမီးနဲ့ထွန်း၊ မရ။ အောက်ကနေထွန်း၊ မရ။ ပင့်ထိုး၊ စောင်းထိုး၊ မှောက်ထိုး၊ မရ။ စိတ်ဓာတ်တွေကျလို့ပေါ့။ နောက်ဆုံး အတော် အသင့် အဆင်ပြေတဲ့အနေအထားလောက် နဲ့ KYC တင်လိုက်တော့ Fail ဆိုပြီး အကြောင်းပြန်လာပါလေရော။ အဲ့တာနဲ့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ရှိပါစေတော့ "ပစ္စရော ဟောတု" ဆိုပြီး(စာလုံးပေါင်း မှန်၊ မှား မသိ) ဆက်မတင်ဖြစ်တော့ဘူး။
PI ဟာ ချစ်သူများလိုပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ Bitget ထဲဝင်ဝင်ပြီး PI ကိုပြေးပြေးကြည့်မိတယ်။ စျေးက 2$ ကျော်တောင် တက်သွားခဲ့တယ်။ မိမိရဲ့ PI တွေ အလကား ဆုံးရှုံးရတော့မဲ့ အရေးကို မျှော်တွေးပြီး နောက်တစ်ကြိမ် ပြန်ပြီး KYC တင်ဖို့ ကြိုးစားပါတော့တယ်။ ဒီတစ်ခါတော့ နေ့ဘက်မှာ တင်ဖြစ်ခဲ့တယ်။ မှတ်ပုံတင်ထဲက အချက်လက်တွေကို ညီညီညာညာနဲ့ အလှဆုံး ဖြစ်အောင် Eလို စာရွက်ပေါ်မှာ ရေးချတယ်။ ရေးနေရင်းနဲ့ "ငါ KYC အောင်ပါ့မလား?" ဆိုပြီး တွေးပူမိတယ်။ ဒါနဲ့ အောင်တာ၊ မအောင်တာ သူ့အပိုင်း၊ ငါ့အပိုင်းက ငါအကောင်းဆုံး လုပ်မည်ဆိုတဲ့ စိတ်နဲ့ မည်းတင်းပြီး လုပ်ခဲ့တယ်။ ဓာတ်ပုံရိုက်တဲ့ အဆင့်မှာလည်း ကြည်လင်နေအောင် အဆောင်အပြင်ဘက် ထွက်ရိုက်ပေးတယ်။ နေ့ဘက်ဆိုတော့ မှတ်ပုံတင်က ထင်ရှားပြီး ကြည်တောက်နေတာပဲ။ အဲ့သလို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဂရုတစိုက်လုပ်ကာမှ အဆင့်ဆင့်လုပ်ဆောင်ပြီး နောက်ဆုံး ချောချော ခြူခြူ နဲ့ KYC တင်ခြင်း ပြီးဆုံးခဲ့ပါတယ်။
KYC အောင်ပါ့မလား ဆိုတဲ့ စိတ်နဲ့ ခနခန PI ထဲဝင်ကြည့်ရတာလည်း အမောပါပဲ။ ဒါနဲ့ တစ်နာရီလောက်အကြာ၊ ဝင်ကြည့်တော့ KYC Passed ဖြစ်ကြောင်း တွေ့ရတော့ အတိုင်းမသိ ပျော်ရွှင်သွားရပါတယ်။ ကျွန်တော့်ရဲ့ PI လေးတွေ မဆုံးရှုံးတော့ဘူး။ ရေး..... ဆိုပြီး ထခုန်မိတဲ့အထိပါပဲ။ PI တွေ ၁၄ ရက်အတွင်း မိမိဆီရောက်လာမယ်လို့ သိရတယ်။
မြန်မြန်သာ ကိုယ့်ဆီလာလှည့်ပါတော့ PI ရေ....