ဒီနေ့မှာတော့ ကျွန်မတစ်ခါတုန်းက facebookက ဆရာမတစ်ယောက်ဆီမှာသင်ဖူးတဲ့ stocking flower လုပ်နည်းရေးပါမယ်။အခြား ပန်းလုပ်နည်းတွေလည်းသင်ခဲ့ပေမဲ့ သူများတကာက အခကြေးငွေနဲသင်ကြားပေးနေတဲ့ ပညာရပ်တစ်ခုဖြစ်တာကြောင့် အကုန်လုံးမရေးတော့ဘဲ အခြေခံပန်းတစ်ပွင့်လုပ်နည်းပဲရေးပါတော့မယ်။stocking flowerကိုစိတ်ဝင်စားပြီး သင်ကြားချင်ပါက Zin Mar Nay Linဆိုတဲ့ facebook accountမှာ သင်ကြားလို့ရပါတယ်။ကိုယ့်ဘာသာကိုယ်ပဲလေ့လာလျင်တယ်ဆိုပါက youtube videos တွေမှာ ရှာဖွေလေ့လာလို့ရပါတယ်။ကုန်ကြမ်းပစ္စည်းအတွက်ကတော့ ဆရာမ zin mar nay lin ဆီမှာရော,သိမ်ကြီးဈေး၂၅လမ်း,၂၆လမ်းထဲကဆိုင်တစ်ချို့မှာ ရှာဖွေဝယ်ယူလို့ရပါတယ်။
ပန်းပွင့်လေး စလုပ်ပါမယ်။ပထမဦးစွာ ပန်းပွင့်လုပ်ဖို့ ပုံစံခွက်များထဲမှ နံပါတ်(၃)ကိုရွေးယူပါမယ်။ပုံစံခွက်လေးတွေက ဒီလိုပုံစံပါ။
အသေးဆုံးကိုနံပါတ်၁လို့သတ်မှတ်ပြီး ငယ်စဉ်ကြီးလိုက် ၁,၂,၃,၄ သတ်မှတ်ထားတာပါ။အဲ့ဒီ့တော့ပန်းလုပ်ဖို့ နံပါတ်၃ကို ယူပါမယ်။
နောက်ပြီးသံချောင်းမာနဲ့သံချောင်းပျော့ နှစ်မျိုးရှိတဲ့အထဲက သံချောင်းပျော့ကိုယူပြီး တစ်ထွာခန့်အရှည်ရှိ သံချောင်းလေးများရအောင် ပလာယာသုံးပြီး ဖြတ်ပါမယ်။တစ်ထွာခန့် အရှည်ရှိ သံချောင်းပျော့ ၅ချောင်းရအောင် ဖြတ်ပါမယ်။
ပြီးလျှင် ထိုသံချောင်းကို ပုံစံခွက်နံပါတ်၃မှာ ပတ်ပြီး အဝိုင်းလေးရအောင်လုပ်ပါမယ်။ပတ်တဲ့အခါမှာ တစ်ဖက်ကိုရှည်ရှည်ချန်ပြီး တစ်ဖက်ကိုတိုတိုပဲချန်ကာ ပတ်ရပါမယ်။ပြီးလျှင် တစ်ဖက်ကထွက်နေတဲ့သံချောင်းအတိုကို ပလာယာနဲ့ညှပ်ကာ ရစ်ပတ်လိုက်လျှင် ထိပ်ကအဝိုင်းလေးနဲ့အောက်က သံချောင်းရှည် ပုံစံလေး ရလာပါလိမ့်မယ်။ပြီးလျှင် ထိုရလာသော ပုံစံလေးကို ပုံစံခွက်ထဲက ထုတ်လို့ရပါပြီ။
ပန်းပွင့်လုပ်ဖို့ ရလာသော သံချောင်းအဝိုင်းလေးမှာ ပိတ်စလေးပတ်ကာ ပွင့်ဖတ်လေးလုပ်ပါမယ်။အောက်ဖက်က အပ်ချည်ကြိုးနဲ့ချည်ရပါမယ်။အပ်ချည်ကြိုးကိုအရင်းနေရာမှာပဲ မချည်ပဲ နည်းနည်း အောက်ဆင်းပြီး ချည်ပါမယ်။ပြီးလျှင် ပိုနေသောပိတ်စများကို ဖြတ်ပစ်လိုက်ပါက ပွင့်ဖတ်လေးရပါပြီ။
အထက်ပါနည်းအတိုင်း ပွင့်ဖတ်ငါးခုရအောင် လုပ်ရပါမယ်။ပြီးလျှင် ပွင့်ဖတ်တစ်ခုကိုယူကာ ဝတ်ဆံ၃ချောင်းအလယ်က ခေါက်လျက် ထိုပွင့်ဖတ်နဲ့ဝတ်ဆံများကို အပ်ချည်ကြိုးနဲ့တွဲချည်ပါ။အခြားပွင့်ဖတ်တစ်ခုကိုလည်း ယူကာ ကပထမပွင့်ဖတ်ထောင့်ဖက်ပိုင်းလောက်ကထားကာ ကြိုးချည်ပါ။ပန်းပွင့်ပုံလေးရအောင် အခြားပွင့်ဖတ်များကိုလည်း ဆက်ချည်ပေးပါ။
ပွင့်ဖတ်ငါးခုလုံးချည်ပြီးသွားရင်တော့ ပန်းပွင့်လေးရပါပြီ။ပန်းပွင့်လေး လှအောင်,ကားအောင် ပွင့်ဖတ်များကို လက်လေးနဲ့ထိန်းကာ အနည်းငယ် ပြုပြင်လို့ရပါတယ်။နောက်ပြီးရိုးတံအတွက် တိပ်အစိမ်းလေးကိုယူကာ ထိပ်အစလေးမှာကော်အနည်းငယ်သုတ်ပြီး ရစ်ပတ်လိုက်ပါက ရိုးတံအစိမ်းလေးရပါပြီ။အားလုံးပြုလုပ်ပြီးသွားလျှင်တော့ ရိုးတံအစိမ်းလေးနဲ့ပန်းပွင့်လေးရပြီ ဖြစ်ပါတယ်။
MSC-033,Author-myothuzar