ကျမတို့ နေ့စဉ်ပြောနေကျ စကားများတွင် အကျိုးရှိ သည်လဲပါမည်။ အကျိုးမရှိသည်လဲပါမည်။ လူတိုင်း စကားပြောတာချင်းအတူတူ အချို့က သိမ်သိမ်မွေ့မွေ့ ပြောကြသည်။ အချို့က အော်ကြီးဟစ်ကျယ်၊ အချို့က အဆဲကလေးထည့်ပြောတတ်သည်။ စကားပြောသော အခါ အေးအေးသက်သာ နှင့် သူတပါးနားဝင်အောင် ပြောဆိုသင့်ပါသည်။
ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်း လက်လေးသစ် ဆိုသည့်အတိုင်း ချစ်အောင်ပြောလဲ ဒီပါးစပ်က၊ မုန်းအောင်ပြောလည်း ဒီပါးစပ်ကပင် ပြောဆိုရပါသည်။ ပြေလည်အောင်ပြောရင် လေယာဉ် ပျံတောင် အလကားစီးရတယ် ဆိုသည့်အတိုင်း အပြော ချိုခြင်းဖြင့် မိမိလိုရာကို ပြောဆိုအောင်မြင်နိုင်ပါသည်။
ချိုသာစွာပြောဆိုခြင်းကို လူမပြောနှင့် တိရိစ္ဆာန်များပင် ကြိုက်နှစ်သက်ကြကြောင်း ကျမတို့ငယ်စဉ်ကသင်ကြား ခဲ့ရသော နန္ဒိဝိသာလနွား ပုံဝတ္ထုတွင် အထင်အရှားရှိပါ သည်။ ခွန်အားကြီးမားသော နန္ဒိဝိသာလနွားသည် သူ့အား ကောင်းစွာကျွေးမွေးသော သခင်ကို ကျေးဇူး ဆပ်ချင်သဖြင့် ဝန်အပြည့်ပါ လှည်း(၁၀၀) ကို ဆွဲနိုင် ကြောင်းပြောပြီး သူဌေးကြီးတစ်ဦးနှင့် အသပြာ(၁၀၀၀) ကြေးလောင်းကြေးထပ်စေပါသည်။ လောင်းကြေး
ထပ်ပြီး သောအခါ နန္ဒိဝိသာလနွားကို ဆွဲခိုင်းလျှင် သခင် မှ ရိုင်းစိုင်းစွာပြော၍ ဆွဲခိုင်းသဖြင့် နန္ဒိဝိသာလနွားသည် မဆွဲဘဲနေလေသည်။ သခင်ဖြစ်သူအား ၎င်းကို ချိုသာ စွာ ပြော၍ ဆွဲခိုင်းပါဟု ပြောပြီး နောက်တစ်ကြိမ် လောင်းကြေးထပ်စေသည်။ ထိုအကြိမ်တွင်သခင်ဖြစ်သူ က ချိုသာစွာပြောဆို၍ဆွဲခိုင်းမှ ဝန်အပြည့်ပါ လှည်း (၁၀၀) ကို တဟုန်ထိုး ဆွဲလေသဖြင့်သခင်ကအနိုင်ရလေ
သည်။ ဤသည်ကိုကြည့်လျှင် ချိုသာစွာပြောဆိုခြင်းကို တိရိစ္ဆာန်များပင် နှစ်သက်ကြောင်း တွေ့ရသည်။
နောက်ထပ်ဖတ်ရှုခဲ့သော အကြောင်းအရာလေး တစ်ခု ကိုလည်း မှတ်မိသလောက် မျှဝေချင်ပါသည်။
ဆော်လမွန် ကျွန်းမှ ကျွန်းသားများသည် အပင်တစ်ပင် ကို သေစေချင်သောအခါ ထိုအပင်ကို ခုတ်မပစ်ဘဲ လူ အများဝန်းရံပြီး စုပေါင်းကျိန်ဆဲကြသည်။ နေ့စဉ် ရက်ဆက် ကျိန်ဆဲသောအခါ အပင်မှာ ညှိုးခြောက်ပြီး သေသွားရသည်ဟု ဖတ်ခဲ့ရဖူးပါသည်။
အချို့က ပြောတတ်ပါသေးသည်။ ”တို့က အပြောသာ ဆိုးတာ သူများအပေါ်မယုတ်ဘူးဟေ့” ဟုတ်ပါသည်။ တချို့က အပြောဆိုး၍ စိတ်ရင်းကောင်းသူများရှိသလို အပြောချိုချို အပြုံးမျက်နှာဖြင့် သူတပါး အပေါ် ကောက်ကျစ်တတ်သူများလဲရှိပါသည်။
စကားပြောခြင်းနှင့်ပတ်သက်၍ လိုက်နာသင့်သည့် စကားအင်္ဂါ (၁၀) ပါးရှိပါသည်။
- အချိန်ကို လေ့လာ၍ ပြောဆိုခြင်း၊
- မှန်သောစကားကို ပြောဆိုခြင်း
- အကြောင်းနှင့်အကျိုး ခိုင်လုံသော စကားကို ပြောဆိုခြင်း၊
- အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း၊
- ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း၊
- ပြုံးရွှင်စွာ စကားပြောတတ်ခြင်း၊
- စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း၊
- စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်းပဲ အေးဆေးစွာပြောဆိုခြင်း၊
- စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာ ပြောဆိုခြင်း၊
- စကားပြောဆိုရာတွင် ဗလုံးဗထွေးမပြောပဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်းတို့ပဲ ဖြစ်ပါတယ်။
ကျမတို့်ရဲ့ ဗုဒ္ဓမြတ်စွာဘုရားက ညွှန်ပြတဲ့ စကား (၆) မျိုးရှိပါတယ်။
- စကားခြောက်ခွန်း လူ၌ထွန်း
လေးခွန်းကိုပယ် နှစ်ခွန်းတည်
ဆိုပြီး ပြောသင့်တဲ့စကား ကိုညွှန်ပြခဲ့ပါတယ်။ အဲ့ဒါ
တွေကတော့.....
- မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ ကြားရသူလဲ နှစ်သက်
- မှန်လဲမှန်၊ အကျိုးလဲရှိ၊ ကြားရသူမနှစ်သက်
- မှန်တော့မှန်၊ အကျိုးမရှိ၊ ကြားရသူလဲ မနှစ်သက်
- မှန်တော့မှန်၊ အကျိုးမရှိ၊ ကြားရသူနှစ်သက်၊
- မှန်လည်းမမှန်၊ အကျိုးလဲမရှိ၊ ကြားရသူ နှစ်သက်
- မှန်လဲမမှန်၊ အကျိုးလဲမရှိ၊ ကြားရသူလည်း မနှစ်သက်
အထက်ကပြောခဲ့တဲ့ စကား (၆) မျိုးမှာ အမှတ်(၁)
နှင့် (၂) ကိုသာ ပြောဆိုသင့်တယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။
ဖော်ပြခဲ့ပြီးသော စကား (၆) မျိုး၏ အကြောင်းကို အလျဉ်းသင့်တဲ့အခါ ရေးပြချင်ပါသေးတယ်။ ဘာပဲ
ဖြစ်ဖြစ် စကားစကား ပြောပါများ၊ စကားထဲက ဇာတိ ပြဆိုသလို စကားများများပြောလျှင်လည်း အမှားပါ တတ်၍ သတိထားပြီးပြောဆိုသင့်ပါသည်။ ကျမ ထင်ပါတယ်။ အကျိုးရှိပြီး မှန်ကန်တဲ့စကားတွေသာ ပြောရမယ်လို့များ တစ်ဦးတစ်ယောက်က အမိန့်ထုတ် ခဲ့သော် ကျမတို့ ကမ္ဘာကြီး ယခုလို ဆူညံနေတော့မှာ မဟုတ်တော့ဘူးလို့ ရယ်စရာအနေနဲ့တွေးတောရင်း ကျမရဲ့စာကို အဆုံးသတ်ပါတယ် ရှင်။
Author@nweoomon
MSC 265
28.6.2018