မင်္ဂလာပါ Steemit မိတ်ဆွေများရှင်....။
ဒီတခါတော့ ကျမရဲ့ဝဋ်လည်ပုံလေး ပြောပြချင်ပါ တယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကပေါ့။ ကျမ ဆယ်တန်းဖြေပြီးအားလပ်ချိန်မှာ အိမ်အနီးက စာကြည့် တိုက်မှာ ညနေတိုင်း စာအုပ်ငှါးပြီးဖတ်ပါတယ်။ စာကြည့်တိုက်အရှေ့ဖက်က ဝါးကပ်တဲတန်းတွေက မန္တလေးမီးရထားရုံးတွေပေါ့။
စာကြည့်တိုက်ကိုသွားရင် ရုံးတဲတန်းလျားကြီးတွေဘေး က ဖြတ်သွားပြီးမှရောက်ပါတယ်။ အဲ့လိုသွားတဲ့အခါ စာရေးမတွေ မြင်ရတော့... ”ဒီစာရေးမတွေက ဘာလုပ် ကြတာလဲ။ အလုပ်လုပ်နေတာလဲမမြင်။ ဖိုင်တွေရှေ့ချ ပြီး အလုပ်လုပ်ချင်ယောင်ဆောင်နေကြတာ။ သူတို့က အလုပ်လုပ်တယ်ဆို ဘာတွေကိုဘယ်လိုလုပ်ကြတာ လဲ...”စသည်ဖြင့် အတွေးတွေးမိပါတယ်။ ကိုယ်က ကျောင်းသူဆိုတော့ ယောက်ျားတွေအလုပ်လုပ်တာ ဟုတ်ပါပြီ။ မီးရထားမောင်းတာနဲ့ မိန်းမတွေနဲ့ ဘယ်လို ဆိုင်လဲ?တကယ်မတွေးတတ်တာပါ။ ဒီတော့ စာရေးမ တွေ ကို အပြစ်မြင်မိတာ မဆန်းဘူးထင်ပါတယ်။ကိုယ်မှ နားမလည်တာ။
နောက်တစ်နှစ်လောက်ကြာတော့ အဖေပင်စင်မယူခင် ကျမကို မီးရထားရုံးမှာ အလုပ်သွင်းပေးခဲ့ပါတယ်။ ကျမအလုပ်ဝင်တုန်းက လွယ်ချက်များ အဖေက လျှောက်လွှာတစ်စောင်မှာအလုပ်ခန့်ထားပေးပါရန်
ဆိုတဲ့ စာလေးတစ်စောင်ရေးခိုင်တာ။ မကြာပါဘူး။ တပတ်လောက်ရှိတော့ အဖေက ”သမီး နက်ဖန် ရုံးတက် တော့” တဲ့...။ ကိုယ့်မှာယူနီဖောင်းတောင်မရှိဘူး။ အဖြူ ကကျောင်းအင်္ကျီဝတ်လို့ရတယ်။ နက်ပြာလုံချည်မရှိလို့ ချက်ချင်းဈေးပြေးပြီးလုံချည်ဝယ်ရတာ ခုထိမှတ်မိပါ သေးတယ်။
အဲ့ဒီတော့မှ စာရေးမတွေ ဘာလုပ်ရတယ်ဆိုတာ
ဂဃဏန သိရတော့တယ်။ ဪ....အလုပ်တော်တော် များတာပဲ။ ဒီနေရာမှာ ကျမတို့ မီးရထားအကြောင်း လေး နည်းနည်းပြောပြချင်ပါတယ်။
မီးရထားမှာ အဓိကဌာနကြီး (၃) ခုရှိပါတယ်။
၁။ မြို့ပြအင်ဂျင်နီယာဌာန
၂။ စက်မှုအင်ဂျင်နီယာဌာန
၃။ သွားလာပို့ဆောင်ရေးဌာန တို့ပဲဖြစ်ပါတယ်။
အခြားဆက်သွယ်ရေး၊ လျှပ်စစ်၊ ကြေးနန်းနှင့်အချက်ပြ၊ စီးပွားရေး၊ ဘဏ္ဍာရေးစတဲ့ ဌာနငယ်လေးတွေလဲရှိပါ တယ်။ ကျမက မြို့ပြအင်ဂျင်နီယာဌာနကပေါ့။
မြို့ပြအင်ဂျင်နီယာဌာနတာဝန်က လမ်းသစ်တွေဖောက်၊ လမ်းဟောင်းတွေပြင်၊ တံတားတွေ၊ ဝန်ထမ်းနေအိမ်တွေ ဆောက်လုပ်ရပါတယ်။ ရထားလမ်းတွေဖောက်တော့ လမ်းခင်းရပါတယ်။ လမ်းခင်းတော့ ဇလီဖား၊ ကျောက်၊ သံလမ်း၊ ဇလီဖားရိုက် သံမှို၊ အစရှိသဖြင့်ပစ္စည်းတွေ လိုတာပေါ့နော်။
မန္တလေး(မြို့ဟောင်း)မှာကွန်ကရစ်ဇလီဖားထုတ်တဲ့စက်ရုံ၊ ထုံးဖိုကျောက်မိုင်း၊ ဘဲလင်းကျောက်မိုင်းရှိပါတယ်။ အဲ့စက်ရုံ၊ ကျောက်မိုင်းကပစ္စည်းတွေကိုမြန်မာ့မီးရထား ရဲ့ လိုအပ်တဲ့နေရာတွေကို ရထားနဲ့ပို့ဆောင်ပေးရပါ တယ်။ ကျမအလုပ်က ဇလီဖား ဝယ်ယူ၊ သုံစွဲ၊ လက်ကျန်၊ ကျောက်ဆိုလျှင် ထုတ်လုပ်၊ ပေးပို့၊ လက်ကျန်များကို အမြဲစစ်ဆေးရပါသည်။ ဇလီဖား ပေါင်းစက်ရုံတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများ အတွက် လစာ (Bill) ရေးဆွဲပေးရပါတယ်။ ဒါက ရေးပြ လို့ရသလောက်ရေးပြတာပါ။ဒါနဲ့ဆက်စပ်အခြားအလုပ်တွေ အများကြီးရှိပါသေးတယ်။
ဪ...ကိုယ်တိုင် စာရေးမဖြစ်မှ စာရေးမတွေက ဒီလို တွေလုပ်ရတာပါလားလို့ သိသွားတာပေါ့။အခြားဌာနက ဝန်ထမ်းတွေလဲ အလုပ်များကြတာအတူတူပါပဲ။ ဆရာ တစ်ဦးပြောဖူးတာလေးအမှတ်ရမိတယ်။ ကျမလို အပေါ်ယံကြည့်ပြီးသုံးသပ်တတ်သူတစ်ဦးကပြောတာ
ပေါ့။ မင်းအလုပ်သမားထဲက ဟိုတစ်ယောက်က အလုပ် လုပ်တာလဲမမြင်ဘူး။ သူ့ကြည့်လိုက်ရင် လမ်းလျောက် သွားနေတာပဲတွေ့တယ်လို့ ပြောတော့... ”ဟကောင်ရ အဲ့လို သူလမ်းလျှောက်နေတာကိုကအလုပ်လုပ်နေတာ ကွ” တဲ့...။ ကျမတို့ဌာနမှာ လမ်းလျှောက်ရာထူးရှိပါ တယ်။ ရထားလမ်းတွေ လမ်းလျောက်ကြည့်ပြီး
ချို့ယွင်းချက်တွေ့ရင် ချက်ချင်းပြင်ရတာပါ။ လုပ်ငန်း သဘောနားမလည်ပဲ ဝေဖန်မိတော့ ကိုယ့်အဆိုးဖြစ်သွား တာပေါ့။
ကဲ...အခု ကျမဝဋ်လည်ပုံကိုပြောပါတော့မယ်။ ပြီးခဲ့တဲ့ ဧပြီလက ကျမတူမငါးတန်းကျောင်းသူကို ရုံးခေါ်လာ ပါတယ်။ ဧပြီလဆိုတော့ သိတဲ့အတိုင်းအလုပ်နည်းနည်း ပါးပြီလေ။ အဲ့ဒါ တူမက ကျမကိုအကဲခတ်နေပုံရပါ တယ်။ ကျမရုံးရောက်တော့ အလုပ်လုပ်လိုက်၊ ဟိုစားပွဲ သွား စာရင်းတောင်းလိုက်၊ ဒီစာပွဲမှာထိုင်စကားပြော လိုက်နဲ့ တော်တော်ကြာသွားပါတယ်။ ညနေရုံးဆင်းလို့ အိမ်ရောက်တော့ တူမက ဘာပြောတယ်မှတ်လဲရှင့်။ ”အန်တီနွယ်က ဘာတွေလုပ်ရတာလဲ၊ မီးမီးဖြင့် အလုပ် လုပ်တာလဲမမြင်ဘူး။စာရွက်တွေရှေ့ချပြီးလျှောက်သွား နေတာပဲ မြင်တယ်တဲ့။ ကဲ...ကောင်းကြသေးရဲ့လားရှင်။ ငယ်တုန်းက စာရေးမ တွေ အလုပ်လုပ်ချင်ဟန်ဆောင်တယ်လို့ပြောမိတာ...ခု တူမက ကျမကို အလုပ်လဲမလုပ်ဘူး...တဲ့။ 😁😁
Author@nweoomon
Photo @nweoomon
MSC 265
13.7.2018