မြန်မာစတီးမစ်မိသားစုဝင်များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ….
ဥပဒေသ(၄၃)
“နှုတ်ချို သျှိုတစ်ပါး” ၊ “နှုတ်ကောင်းလျှင်ပြည်စိုး”၊ “နှုတ်ကြောင့်သေ၊ လက် ကြောင့်ကျေ” ဆိုတဲ့စကားတွေကို သတိပြုရပါမယ်။
စကားပြောကောင်းပြီး နှုတ်ချိုတဲ့သူဟာ လူချစ်လူခင်ပေါများပါတယ်။
လူမှုဆက် ဆံရေးပညာကောင်းမွန်တဲ့လူဟာ ရာထူးအာဏာကြီးမားတဲ့ လူကို လွှမ်းမိုးလို့ရတယ်။ စည်းစိမ်ဥစ္စာကြွယ်ဝတဲ့သူကိုလည်း လွှမ်းမိုးလို့ ရတယ်၊ ပညာရှိ ကိုပင်လျှင်လွှမ်းမိုးလို့ရတယ်။
သာရေး နာရေးပဲဖြစ်ဖြစ် လူတွေအားလုံးရဲ့ အားကိုးအားထားရာ လူဖြစ်တယ်။ လူ တွေအားလုံးရဲ့ နှလုံးသားမှာ ကဗျည်းတင်ခံရသူဖြစ် တယ်။
လူမှုဆက်ဆံရေး ကောင်းမွန်တဲ့သူဟာ တိုးပြည်ကိုလည်းစိုးမိုးလို့ရတယ်။
လူမှုဆက်ဆံရေးကောင်းမွန်တဲ့လူတွေ တိုင်းပြည် နိုင်ငံအတွင်းမှာ များပြားလာပြီ ဆိုရင် အဲဒီတိုင်းပြည်ဟာ ဘေးဘယာကင်းပြီး အေးချမ်း သာယာလာလိမ့်မယ်။
ကြမ်းကျွံရင် နှုတ်လို့ရပေမယ်၊ စကားကျွံရင် နှုတ်မရဘူး ဆိုတာ ဂရုစိုက် ပါ။
ဥပဒေသ(၄၄)
လူတိုင်းဟာ အသက်ရှည်လိုကြတယ်၊ ကျန်းမာရေးကောင်းလိုကြ တယ်။
အစာအဟာရ လုံလုံလောက်လောက် စားသောက်ချင်ကြတယ်။
အမိုးအကာနဲ့ လုံလုံခြုံခြုံ နေချင်ကြတယ်။
အဲဒီသုံးချက်ပြည့်စုံရင် ငွေကြေးပြည့်ပြည့်စုံစုံနဲ့ သားသမီးတွေရဲ့ လိုအပ်ချက်၊ ဆွေးမျိုးတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ချင်ကြ တယ်။
သူတပါးချီးမွမ်းတာ၊ အသိအမှတ်ပြုတာကိုခံယူချင်ကြတယ်။ သေပြီးတဲ့ နောက်ဘဝမှာတောင် ကောင်းရာမွန်ရာကို ရောက်ချင်ကြတယ်။
ဒီအချက်တွေအားလုံးထဲမှာ လူတိုင်းနီးပါး အလိုချင်ဆုံးစိတ်ကတော့ ချီးမွမ်းခံလိုစိတ်ဖြစ်တယ်။
ဒါ့ကြောင့် နေရာတိုင်းမှာ- လူတိုင်းကို ချီးမွမ်းစကားများများပြောပါ။ ထပ်ပြောပါ့မယ်- လူတိုင်းကိုချီးမွမ်းပါ၊ အားပေးပါ။
ဥပဒေသ(၄၅)
တိတိကျကျ မရှိတဲ့အရာကို ငြင်းခုံခြင်းမလုပ်ပါနဲ့။
ဘာ့ကြောင့်ပဲဖြစ်ဖြစ် အခြေအနေတင်းမာမှုတွေကို လျော့အောင်လုပ် ပါ။ သည်းခံပြီးနားထောင်ပါ။
တစ်ဖက်လူက တိုက်ခိုက်လာသည့်တိုင် ပြန်လည်တိုက်ခိုက်တာမျိုး မလုပ်ပါနဲ့။ တိုက်ပွဲပြင်ထန်လာနိုင်ပါတယ်။
သူတို့ဆီက တောင်းပန်စကားလည်း မမျှော်လင့်ပါနဲ့။ တစ်ချို့သူတွေက အမှားပြုလုပ်ထားပေမယ့် တောင်းပန်ဖို့ ဝန်လေးတတ်ပါတယ်။
အသေးအဖွဲကိစ္စလေးတွေကို ရေးပြီးခွင်ကျယ်မလုပ်ပါနဲ့။
ပြောသင့်တာကို ပြောပြီး၊ မပြောသင့်တာကို နှုတ်ပိတ်နေပါ။
ဥပဒေသ(၄၆)
စကားပြောရင် မျက်နှာသေ ခပ်တည်တည်နဲ့မပြောပါနဲ့၊ အမူအရာ ပိုတာလည်း မကောင်းဘူး၊ ပြူးပြဲရှုံ့မဲ့ ပေါတောတော ဖြစ်အောင် ပြောတာမျိုးလည်းမလုပ်နဲ့။
ပရိတ်ဿတ်ဟာ လူတစ်ယောက်ဆီက ပြောတဲ့အကြောင်းအရာကို နာရီဝက်ထက်ပိုပြီး နားမထောင်ချင်ဘူး။ ပရိတ်ဿတ်မငြိးငွေ့ခင် ရပ်တန့်ရမယ်။
ပရိတ်ဿတ်ကို (၅)မိနစ်တစ်ခါ လက်ခုပ်တီးအောင်လုပ်ရမယ်။ တစ်နာရီ၊ နာရီဝက်နေမှ လက်ခုပ်တီးရတာပျင်းစရာ၊ ငြီးငွေစရာ ဖြစ်စေတယ်။
စိတ်ရွှင်လန်းဖွယ်ရာ ဟာသလေးတွေပြောတတ်ရမယ်။
စကားပြောကောင်းတဲ့လူတစ်ယောက်ဟာ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ပရိတ်ဿတ်ဦးနှောက်ထဲကို သံမှို ရိုက်သလိုစွဲသွားအောင် ပြောနိုင်ရမယ်။
ဥပဒေသ(၄၇)
လူမှုဆက်ဆံရေး ပညာတတ်မြောက်ခြင်းဟာ သံလိုက်ဓါတ်ကောင်းမွန် ခြင်းဖြစ်တယ်။
သံလိုက်ဓါတ်ကောင်းသူဟာ အဆိုးမြင်စိတ်မရှိဘဲအကောင်းမြင်စိတ်များ သူဖြစ်တယ်။
သူဟာ လူအများရဲ့ စိတ်ဓါတ်ကို ဆွဲဆောင်နိုင်ယုံမျှမက သူတို့စိတ်ဓါတ် ကိုလည်း မြင့်မားသည်ထက်မြင်မားအောင် မြှင့်တင်ပေးနိုင်တယ်။
သူတို့ဟာ သူများတွေရဲ့ အရည်အချင်းကောင်းတွေကို အမြဲရှာဖွေကြည့် ရှု့တတ်တယ်။ အပြစ်ရှာဝေဖန်မှု မလုပ်ကြဘူး၊ လူတိုင်းအောင်မြင်မှုကို မည်မျှသေးငယ်သည်ဖြစ်စေ အသိအမှတ်ပြုတယ်။ ပြုံးပြုံးရွှင်ရွှင် ရှိပြီး ပွင့်လင်းတဲ့စိတ်ထားရှိကြတယ်။
အခြားသူများအပေါ်မှာ အမှန်တကယ် စိတ်ဝင်စားမှုရှိကြတယ်။ မိမိပြော ခြင်းထက် အကြိမ်များစွာနားထောင်ခြင်းကို သဘောကျကြတယ်။
မိတ်ဆွေ တစ်ယောက်အိမ်ကို မကြာခဏအလယ်အပတ်သွားတာဟာ မိတ်ဆွေပျက်ကြောင်းဖြစ်သလို၊ အဆက်အသွယ်ပြတ်နေတာဟာလည်း မိတ်ဆွေပျက်ကြောင်းပါပဲ။
လူတိုင်း လူတိုင်းမှာ ချစ်ကြခင်ကြ အလိုလိုက်ကြရတဲ့သူတွေရှိကြပါတယ်။ တစ်ခါ တစ်လေမှာ အဲဒီလူတွေဟာ အလိုက်မသိတဲ့အပြုအမူတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီလို အလိုက်မသိခြင်းတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပေမယ့် တစ်ဖက်လူကို စိတ် အနှောက်အယှက်အတော်ဖြစ်စေပါတယ်။
အပြောသင့်တဲ့အချိန်မှာ မပြောရဘူး၊ အသွားသင့်တဲ့အချိန်မှာ မသွားရဘူး၊ မနေသင့်တဲ့အချိန်မှာမနေရဘူး၊ မစားသင့်တဲ့အချိန်မှာ မစားရဘူး။ ဥပမာ- တစ်ဖက်လူက မိမိကို လိုလိုလားလား ဖိတ်ခေါ်ခြင်းမရှိတဲ့ အခမ်းအနားမျိုးကို တက်ရောက်ခြင်းမပြုရပါဘူး။ လက်ဘက်ရည်ဆိုင်မှာ၊ စားသောက်ဆိုင်မှာ သူစိမ်းဧည့်သည်နဲ့စားသောက်နေစဉ် မိမိနဲ့ မည်မျှပင်ခင်ခင်ပါစေ ကြိုတင်ချိန်းဆိုထားခြင်းမရှိလျှင် ဝင်ရောက်စားသောက်ခြင်းမျိုး မလုပ်ရပါဘူး။
ကိုယ်က ဆင်ခြင်ဥာဏ်ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ ခင်မင်တဲ့ သံယောဇဉ်စိတ်က သတိကင်းလွတ်သူ၊ အဆင်ခြင်ဥာဏ်ကင်းမဲ့သူ ဖြစ်သွားစေတတ် ပါတယ်။ လူမှုဆက်ဆံရေးပညာမှာ ဒီကိစ္စတွေကို အထူးသတိထားရပါတယ်။ ဒါနဲ့ပတ်သက် တဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။
တစ်ခါက ဆင်ကြီးတစ်ကောင်နဲ့ ကြွက်ကလေးတစ်ကောင်ဟာ တောနက်ကြီးထဲ မှာ မိတ်ဆွေဖွဲ့နေကြတယ်။ သူတို့နှစ်ယောက်ဟာ အတူစား၊ အတူအိပ်၊ အတူနေထိုင်ကြ တယ်။ ဆင်ကြီးက အိပ်တော့မယ်ဆိုရင် ကြွက်ကလေးက အနားကနေ တတွတ်တွတ်နဲ့ စကားပြောတယ်။
“ဦးဆင်ကြီး၊ အိပ်တော့မှာလား၊ ကျွန်တော်တို့ ဘယ်တော့ကို သွားကြမယ်၊ အဲဒီ မှာစားကောင်းသောက်ဖွယ်တွေ အများကြီးရှိတယ်၊ ကျွန်တော် ယပ်ခပ်ပေးမယ်နော်” စသည်ဖြင့် ပြောဆိုနေတာကြောင့် ဦးဆင်ကြီးက အိပ်လို့မရတော့ဘူး။
ဒါနဲ့ ဆင်ကြီးက “အေးပါကွာ… ဖိုးရွှေကြွက်ရာ၊ မနက်ကိစ္စ၊ မနက်မှပြောကြရ အောင်၊ အခုလည်းအရေးမကြီးသေးပါဘူး၊ ငါအေးအေး ဆေးဆေးအိပ်ပါရစေ” လို့ တောင်းပန်တယ်။
ကိုယ်က ဘယ်လောက်ပဲ စေတနာနဲ့ လောကွတ်တွေချော်ပြီးပြောချင်ပေမယ့် တဖက်သားနားထောင်နိုင်စွမ်းမရှိတော့ဘူးဆိုရင် သူနဲ့ကင်းရာ ဝေးဝေးမှာ နေပေးလိုက်ပါ။ ဒါဟာ သူ့အပေါ်မှာ ဂရုစိုက်ခြင်း၊ အလိုက်သိခြင်းပါပဲ။
မလိုအပ်တဲ့ အပိုစကားမပြောနဲ့
၁။ မဟုတ်မမှန် အကျိုးစီးပွားနဲ့မစပ် သူတပါးမနှစ်သက်သောစကား။
၂။ ဟုတ်၏မှန်၏ အကျိုးစီးပွားနဲ့မစပ် သူတပါးမနှစ်သက်သောစကား။
၃။ ဟုတ်၏မှန်၏ အကျိုးစီးပွားနှင့်စပ်၏ သူတပါးမနှစ်သက်သောစကား။
၎။ မဟုတ်မမှန် အကျိုးစီးပွားနှင့်မစပ် သူတပါးနှစ်သက်သောစကား။
၅။ ဟုတ်မှန်၏ အကျိုးစီးပွားနှင့်မစပ် သူတပါးနှစ်သက်သောစကား။
၆။ ဟုတ်မှန်၏ အကျိုးစီးပွားနှင့်စပ်၏ သူတပါးနှစ်သက်သောစကား။
ပြီးပါပြီ။ ။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
09151354
photo Design- THO
MSC-069