ဒီလိုအခြေအနေဖြစ်လာမယ်လို့ လုံးဝမထင်မှတ်ထားခဲ့မိတာ အမှန်ပါ။ငါမင်းအပေါ် အကြွင်းမဲ့ယုံကြည်ခဲ့မိတာ ငါ့ရဲ့အကြီးမားဆုံး အမှားတစ်ခုလား။ငါတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးခရီးဟာလည်း မတိုခဲ့ပါဘူးကွာ။ခုဆိုသားလေးတောင် တက္ကသိုလ်ရောက်နေပြီ။အနှစ် နှစ်ဆယ်ကြာခဲ့တဲ့အိမ်ထောင်ရေးခရီးနဲ့ မိသားစုချစ်ခြင်းမေတ္တာတွေဟာ ငါတို့မိသားစုကိုခိုင်မာအောင်တုတ်နှောင်ပေးခဲ့တဲ့ သံဃောဇဉ်ကြိုးတစ်ခုဖြစ်မလာခဲ့တာ ငါတကယ်ကိုအံ့သြထိတ်လန့်မိတယ်ကွာ။
လူတွေဟာ ဆင်းရဲတဲ့ဒဏ်ကိုသာခံနိုင်တယ်,ချမ်းသာတဲ့ဒဏ်ကိုတော့ မခံနိုင်ဘူးဆိုတဲ့စကား သိပ်မှန်တယ်ဆိုတာကို ငါမင်းကြောင့် ဘဝနဲ့ရင်းပြီး နားလည်သဘောပေါက်ခဲ့ရတယ်။တို့နှစ်ယောက်ရဲ့အိမ်ထောင်သက် ခရီးအစတုန်းက စီးပွားရေးအဆင်မပြေလို့ အချဉ်ထုပ်တွေလုပ်ရောင်းတဲ့ လုပ်ငန်းလေး စလုပ်ခဲ့တယ်။ဆိုင်တွေကို လိုက်ပို့ခဲ့တယ်။ရောင်းရတစ်ချက် မရောင်းရတစ်ချက်နဲ့ပေါ့ကွာ။ဆိုင်တွေက ငါတို့အချဉ်ထုပ်ကိုမလိုချင်လို့ အော်ငေါက်လွှတ်တာတောင်ရှိရဲ့။အချို့ဆိုင်တွေကတော့ လိုလိုချင်ချင်နဲ့ပေါ့။ဒီလို မရောင်းရတစ်ချက် ရောင်းရတစ်ချက်နဲ့ ငါတို့လုပ်ငန်းလေးအစမှာ ငွေရေးကြေးရေးအဆင်မပြေလို့ အချို့နေ့တွေဆို ဟင်းတောင်မဝယ်စားနိုင်ပဲ ငပိရည်လေးနဲ့ ပြီးခဲ့တဲ့နေ့တွေ။လကုန်တိုင်းအမြတ်မကျန်လို့ ချခဲ့ရတဲ့သက်ပြင်းတွေ။ငါတို့လုပ်ထားတဲ့ အချဉ်ထုပ်တွေအကုန်မရောင်းနိုင်ပဲ မှိုတက်ကုန်လို့ ဝမ်းနည်းခဲ့ရတာတွေ။ဒီလို ကြမ်းတမ်းခက်ခဲတဲ့ အချိန်ကာလတွေမှာတောင် မင်းကငါ့ကိုလက်တွဲမဖြုတ်ခဲ့ပဲ "မောင်တစ်ထမ်း,မယ်တစ်ရွက်" ဆိုသလို မိသားစုစီးပွားရေးလုပ်ငန်းကို အတူတူကြိုးစားရုန်းကန်ပေးခဲ့ပေမဲ့။
အချိန်တွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာတော့..............။
ဟုတ်တယ်။အချိန်တွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာတော့ ငါတို့အချဉ်ထုပ်လုပ်ငန်းလေးဟာလည်း တဖြည်းဖြည်းအောင်မြင်လာသလို မင်းရဲ့စိတ်ဓာတ်တွေဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပုံရတယ်။ငါကတော့ ဒီလိုဖြစ်မယ်လို့ လုံးဝမထင်ထားဘူး။အောင်မြင်နေတဲ့လုပ်ငန်းကို ငါဟာ ထပ်မံကြီးမားတဲ့လောဘတွေနဲ့ ပိုမိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းတွေ ကြိုးစားရှာဖွေနေတဲ့အချိန်မှာ နောက်ကွယ်မှာ မင်းက............။
နောက်ကွယ်မှာမင်းက ကောင်လေးငယ်ငယ်တစ်ယောက်နဲ့ ရှုပ်နေတယ်လို့ သတင်းစကားတွေကြားတဲ့အခါမှာ ငါမယုံခဲ့ဘူး။ကောလဟာဟတွေပါ,ငါတို့ကို မနာလိုမုန်းတီးတိုက်ခိုက်ချင်တဲ့သူတွေက ငါတို့အိမ်ထောင်ရေးပြိုကွဲအောင် မဟုတ်တဲ့သတင်းစကားတွေလွှင့်တာပါလို့ ငါဇွတ်မှိတ်တွေးတောယုံကြည်ခဲ့မိတယ်။ဒါပေမဲ့ ငါမှားသွားခဲ့တယ်ဆိုတာ အချိန်ကာလတစ်ခုရောက်တဲ့ အခါမှာတော့ ငါသိနားလည်ခဲ့ရတယ်။မမျှော်လင့်တဲ့ တစ်နေရာမှာ မင်းနဲ့အတူကောင်လေးငယ်ငယ်တစ်ယောက်ကို ငါတွေ့လိုက်တဲ့အခါမှာတော့ ကမ္ဘာပျက်ပြီးမှောင်မဲနေတဲ့အချိန်မှာ ရုတ်တရက် လျှပ်စီးလက်လိုက်သလို အံ့အားသင့်ထိတ်လန့်မှုတွေက ငါရဲ့တည်ငြိမ်နေတဲ့ နှလုံးသားနဲ့ဦးနှောက်မှာ ရုတ်တရက်ပေါ်ထွက်လာခဲ့ရတယ်။ငါမဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းပြီး ငါ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကို စုံစမ်းခိုင်းလိုက်တဲ့အခါမှာတော့ ရလိုက်တဲ့သတင်းတွေ,ဓါတ်ပုံတွေက ငါကောလဟာလပါလို့ အထင်မှားခဲ့မိတဲ့ အမှန်တရားတွေကို ပိုမိုခိုင်မာလာစေခဲ့တယ်။
ငါဟာ ဒေါသကြီးပြီး ကြမ်းတမ်းတဲ့ ယောကျာ်းတစ်ယောက်မဟုတ်တဲ့အတွက် ငါမင်းကိုရိုက်နှက်ဖို့ မကြိုးစားခဲ့သလို ရုပ်ရှင်တွေထဲကလိုသတ်ပစ်ဖို့အထိလည်း ငါမမိုက်မဲသေးပါဘူး။ဒါပေမဲ့ ငါမင်းအတွက် စာချုပ်တစ်စောင်တော့ပြင်ဆင်ထားခဲ့တယ်။ဒီစာချုပ်မှာ လက်မှတ်ထိုးပြီးရင် ဒီအိမ်,ဒီခြံနဲ့ဒီအောင်မြင်နေတဲ့စီးပွားရေးကို မင်းနဲ့အတူထားခဲ့ပြီး ငွေအနည်းငယ်နဲ့သားလေးကိုသာ ငါနဲ့အတူခေါ်သွားမှာပါ။မင်း သားလေးကိုသိပ်ချစ်ပြီးမခွဲနိုင်တာ ငါသိပါတယ်။ဒါပေမဲ့ ငါသားလေးကို သူ့အဖေမဟုတ်တဲ့သူစိမ်းတစ်ယောက်ရဲ့လောင်းရိပ်အောက်မှာ ငါမထားခဲ့နိုင်သလို မိုက်မဲလှတဲ့သူ့အမေရဲ့လုပ်ရပ်တွေကိုလည်း မမြင်စေချင်ဘူး။သားလေးက အရွယ်ရောက်နေပြီဖြစ်တာကြောင့် မင်းရဲ့လုပ်ရပ်ကိုသူမကြိုက်ပေမဲ့ သူမင်းကို အကြာကြီးမုန်းတီးနေမှာ မဟုတ်ပါဘူး။ငါလည်း မင်းကိုမမုန်းတီးခဲ့ပါဘူး....ရင်နာပြီးအံ့သြထိတ်လန့်ခဲ့ရုံလေးပါကွာ။
Photo credit-pixabay.com
Author-myothuzar,MSC-033