မြန်မာစတီးမစ် မိသားစုဝင်များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ…
လောကတွင် ရယ်မောခြင်းသည်အသက်ရည်၏။ ရယ်မောခြင်းသည် နုပျိုစေ သည် ဟုအဆိုများရှိပေသည်။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် ရယ်မောခြင်းကို နှစ်သက် ကြသည်သာဖြစ်ပါသည်။ ထို့ကြောင့် စာပေဆိုင်ရာအဖွဲ့များတွင် ရသ(၉)မျိုးရှိရာ ပြုံးရွှင် ရယ်မောခြင်းဆိုင်ရာ ဟသရသသည်တစ်ခုအပါအဝင်ဖြစ်ပါသည်။
အဘယ့်ကြောင့်ရယ်မောရသည်ကို အလင်္ကာကျမ်းများတွင် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဖေါက်ဖေါက်ပြန်ပြန် ကမောက္ကမရေးသားပြောဆိုသည့်အတွက် ရယ်မောရ ခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ ဖတ်လိုက်ရသောအဖွဲ့များတွင် ဆရာဟင်နရီ၏ ကျွန်တော်ပြောသော စင်္ကာပူ၊ အပိုင်း(၂၅) ဆောင်းပါးတွင် အိပ်ခန်းအား စင်္ကာပူရဲများ လာစစ်ဆေးကြောင်းဖေါ်ပြထားသည်မှာ ဟသရသအဖွဲ့ဖြစ်ပါ၏။ @tunnaingwin ၏ သိမှတ်ဖွယ်ရာလူမှုဥပဒေသများ(၄၃) ဆောင်းပါးတွင် လိပ်ခဲတန်းလန်း ကို ရှင်းလင်း ထားသည်မှာလည်း ဟသရသအဖွဲ့ဖြစ်ပါသည်။
ဆရာကိုထွေးကြီး၏ မိုးရယ်၊ အချစ်ရယ်၊ ကြေးအိုးရယ် ဆောင်းပါးမှာလည်း ဟသရသအဖွဲ့ဖြင့်ဖေါ်ပြထား ပြန်ပါသည်။ ဟသရသပါဝင်သော အရေးအဖွဲ့များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။
ထိုကဲ့သို့ ပြုံးရယ်ခြင်းကို ခြောက်မျိုးခွဲခြားပြထားသည်ကို တွေ့ရပါသည်။ ယင်းတို့မှာ-
(၁) သိတ- မျက်လုံးပွင့်ရုံမျှရယ်ခြင်း။
(၂) ဟသိတ- သွားပေါ်ရုံမျှရယ်ခြင်း။
(၃) ဝိဟသိတ- အသံညှင်းညှင်းထွက်ရုံရယ်ခြင်း။
(၄) ဥပဟသိတ- ပခုံး၊ ဦးခေါင်းလှုပ်အောင်ရယ်ခြင်း။
(၅) အပဟသိတ- မျက်ရည်ထွက်အောင်ရယ်ခြင်း။
(၆) အဟိဟသိတ- ကိုယ်ကိုလှုပ်ခါ၍ ရယ်ခြင်း တို့ဖြစ်ကြပါသည်။
တဖန်ရယ်ခြင်းကို အယုတ်၊ အလတ်၊ အမြတ် (၃)ပါးခွဲခြားထားပါသည်။ သိတ၊ ဟသိတကို မြတ်သောရယ်ခြင်း၊ ဝိဟသိတ နှင့် ဥပဟသိတကို အလတ်စားဖြစ် သောသူတို့ရယ်ခြင်း၊ အပဟသိတ နှင့် အဟိဟသိတ တို့ကို ယုတ်သောသူတို့၏ ရယ်ခြင်းဟူ၍ခွဲခြားထားပါသည်။ ပြုံးရယ်ခြင်းကို (၆)မျိုးခွဲခြားထားသကဲ့သို့ ရယ်ဖွယ် အရာမှာလည်း အကြမ်းစားနှင့်အနုစားဟူ၍ နှစ်မျိုးရှိပါသည်။
အနုစားမှာ သားနှင့်အမိ၊ မောင်နှင့်နှမ၊ ဆရာနှင့်တပည့် ပြောရဲ၊ ဆိုရဲ ကြားနာရဲ သောမှတ်သားဖွယ်စကားဖြစ်ပါသည်။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဖတ်ရဲပါ သည်။ @tunnaingwin ရေးသားထားသော လိပ်ခဲတန်းလန်း ၏ ရယ်ဖွယ်မှာ အကြမ်းစားဖြစ်ပါ သည်။ ၅၅၀ နိပါတ်၊ ကစ္ဆပဇာတ်မှဖြစ်ပါသည်။
ရှေးအခါက ဘုရားလောင်းပုဏ္ဏားသည် ရသေ့ ရဟန်းပြု၍ ဟိမဝန္တာအရပ်၊ ဂင်္ဂါမြစ်အနီးတွင် ကျောင်းဆောက်ကာ ဈာန်ကစားပျော်ပါးလျှက်နေ၏။ ဤဇာတ် တွင်အလောင်တော်သည် အလွန်လစ်လျှူရှု့ကာနေလေ့ရှိသည်။ ဥပေက္ခာပါရမီ ကိုဖြည့်ဆည်းလျှက်ရှိသည်။ ထိုဘုရားလောင်းရသေ့သည် ကျောင်းတံခါး၌ နေစဉ် တစ်ခုသော သီလမရှိသော မျောက်တစ်ကောင်သည် လာလတ်၍ နားပေါက်တို့ ၌ အင်္ဂါဇာတ်ကို သွင်းသောအမှုကိုပြု၏။ ဘုရားလောင်းသည် မမြစ်မူ၍ လစ်လျှူရှု့ ကာနေ၏။ တနေ့သ၌ တစ်ခုသောလိပ်သည် ရေငတ်သဖြင့် ဂင်္ဂါမြစ်ကမ်း၌ ခံတွင်း ကိုဖွင့်လျှက် နေပူခံကာအိပ်လျှက်ရှိ၏။ ထိုလိပ်ကိုမြင်လျှင် လျှပ်ပေါ်သော မျောက် သည် လိပ်၏ခံတွင်း၌ အင်္ဂါဇာတ်သွင်းခြင်းကိုပြု၏။ ထိုအခါ လိပ်သည်နိုး၍ မျောက်၏ အင်္ဂါဇာတ်ကို ကြုတ်၌ ထည့်ဘိသကဲ့သို့ ကိုက်၏။ မျောက်၌ ပြင်းစွာ သောဝေဒနာသည်ဖြစ်၏။ ထိုဝေဒနာကို သည်းခံ အံ့သောငှာ မတတ်နိုင်ရကား လိပ်ကို လက်နှစ်ဖက်ဖြင့်ချီမ၍ အကူအညီတောင်းအံ့သောငှာ ဘုရားလောင်း ရသေ့ထံသို့သွား၏။ ဘုရားလောင်းသည် လိပ်ကို ပိုက်၍လာသော မျောက်ကိုမြင်၍ပြက်ရယ်ပြုလိုသဖြင့် ဤသို့ဆီးကြိုလင့်၏။ သပိတ်ကိုပိုက်၍ ဆွမ်းခံလာသော ပုဏ္ဏားကဲ့သို့ ကျွန်ုပ်ထံချဉ်းကပ်လာသူကား အဘယ်သူနည်း။ ဘယ်အရပ်တွင် ဆွမ်းခံပါသနည်း။ ဘယ်သူ့ထံတွင် ဆွမ်းရပါသနည်းဟု လှမ်း၍မေး၏။
ဤဇာတ်ကြောင်းဟောတော်မူရင်းကား ရယ်ရန်မဟုတ် မျောက်ကိုဆုံးမလို သောကြောင့်ဖြစ်၏။ သို့သော် ရသပိုင်းတွင် ရယ်ဖွယ်အဖြစ်ဆောင်ယူသော်ရ၏။ ရယ်ဖွယ်အဖြစ်ယူသော် ရယ်ဖွယ်အကြမ်းစားဟု မှတ်ယူရမည်ဖြစ်သည်။
ထိုနည်းတူစွာ ဆရာဟင်နရီ၏ ဆောင်းပါးကို ဖတ်ရသည့်အချိန်တွင် ရှေးက ပြဇာတ်တစ်ပုဒ်၌ဖေါ်ပြထားသော ပတ်တိုက်စကားကလေးကိုအမှတ်ရမိသည်။ ဆရာ ဟင်နရီ တို့ အိပ်ပျော်နေကြပုံကိုရေးသားထားမှုမှာ ထိုပတ်တိုက်စကားနှင့် အံဝင် ခွင်ကျဖြစ်၍ မြန်မာစတီးမစ်အဖွဲ့ဝင်များ ပြုံးနိုင်ကြရန် ဖေါ်ပြလိုက်ပါသည်။
အို …. ဆရာရို့၊
ရှေးသရောအခါ၊ ဟေမဝါမှာ
သာယာစွာဘိ
ရွှေမှုံဝတ်ဆံ၊ ကြာမျိုးရံ
ရေကန်ကြီး ရှိသတဲ့၊ ဆရာရို့…..။
ထိုရေကန်သို့
လူတန်ယောက်ျား၊ တစ်ယောက်သားသည်
အမှားသင့် ရောက်လှာ
နေက ပူပြင်း၊ ရေငတ်ခြင်းကြောင့်
ဆင်းလို့ သောက်ရော့။
ခေါင်း … ဇောက်ထိုးထား၊ တင်ပါး မိုးမျှော်
သိကြား ကိုသရော်သလို၊ ဇာတ်လုံးပေါ်ခင်းရာတွင်
တောတွင်းက ယောင်တောင်တောင်၊ လူဝံကြီး တစ်ကောင်လည်း
များအောင်မကြာ
ရေကန်တွင်းသို့ ဇွတ်ဆင်း၍ လာပြီးလျှင်
မောင်ဘဇာ ကပ်ပယ်အိတ်၊ နီချိတ်ချိတ် စုတ်ဖတ်ဖတ်
ပင့်ကူမှေးရစ်ကာနှင့်၊ ကျီးအာသီး မှတ်လေတော့
ဆတ်ကနဲ ဆုပ်၊ ဆွတ်တော့မည် လုပ်ရာတွင်
ရုတ်တရက် မကြွေတဲ့၍၊ မမှည့်သေးပါတကား
နက်ဖြန်ခါမှ ငါလာ၍စားမည်ဟု
ငမိုက်သား လူဝံမွဲ၊ အကြံလွဲပေလို့
မဆွတ်ဘဲသွား၊ ထိုယောက်ျားလည်း
ကံအားလျှော်စွာ၊ ဘေးလွတ်ရှာလေရော့။
ကျွန်တော်သည် ကိုဟင်နရီ၏ ဆောင်းပါးကိုဖတ်ကာ အထက်ပါ ပတ်တိုက် စာချိုးကလေးကို သတိရလျှက် ယုတ်သည်၊ မြတ်သည်မရွေးအားနိုင်ပဲ အပဟသိတ၊ အဟိဟသိတ ရယ်ခြင်းမျိုးဖြင့် ရယ်လိုက်မိလေတော့၏။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
10121033
MSC-069