ဘဝဆိုတာ အမြဲတမ်းတော့ အဆင်မပြေနိုင်ပါဘူး။
အချို့လူတွေဟာဆိုရင် အဆင်မပြေတဲ့ဘဝကနေ ကြိုးစားရုန်းကတ်ပြီး အမြင့်ကို တက်လာနိုင်တဲ့သူတွေရှိပါတယ်။
ဘာမှမဟုတ်တဲ့ဘဝကနေ တက်လာခဲ့တဲ့ အနုပညာရှင်တွေကို ပြောပြပေးလိုက်ပါတယ်။
(၁) Celine Dion
နာမည်ကျော်အဆိုတော်ကြီး Celine Dion ဟာ မောင်နှမမွေးချင်း ၁၄ယောက်ထဲမှာ အငယ်ဆုံးကလေး ဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့ ပြင်သစ်-ကနေဒီယန် မိသားစုကနေ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။
သူမရဲ့အဖေဟာ ဘားဆိုင်တစ်ခုမှာအလုပ်လုပ်ခဲ့ပြီး တစ်ပတ်ကိုဝင်ငွေဒေါ်လာ ၁၆၀ နဲ့မိသားစုဝင် ၁၆ယောက်လုံးက ရပ်တည်ခဲ့ရပါတယ်။
Celine Dion ရဲ့ဘဝအချိုးအကွေ့ အလှည့်အပြောင်းကတော့ သူမရေးထားတဲ့သီချင်းကို ဂီတမန်နေဂျာ ဖြစ်တဲ့ Rene Angelil ကိုပေးခဲ့ရာမှ စတင်ခဲ့ပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတော့ အခုဆိုရင် ဒေါ်လာ သန်း ၄၀၀ နီးပါး ပိုင်ဆိုင်ပြီ ဖြစ်ပါတယ်။
(၂) Tom Cruise
မင်းသားကြီး Tom Cruise ဟာဆိုရင် ကနေဒါမှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ မိဘတွေ ကွာရှင်းလိုက်တဲ့ အခါ အမေရိကန်ကို ပြောင်းလာခဲ့ပါတယ်။
ငယ်စဉ်ကအိမ်တွင်းရေး အဆင်မပြေဖြစ်ခဲ့သလို ငွေကြေးလည်း အဆင်မပြေခဲ့ပါဘူး။ ရုပ်ရှင်စတင်ရိုက်ခဲ့ပြီး မင်းသားလုပ်ခဲ့တာ အသက် ၁၉နှစ်မှာဖြစ်ပါတယ်။
အခုဆိုရင်သူ့ရဲ့ ကြိုးစားအားထုတ်မှုဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ အသားတင် ကြွယ်ဝမှု ဒေါ်လာ သန်း ၂၅၀ ပိုင်ဆိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။
(၃) Leonardo DiCaprio
မင်းသားကြီး Leonardo DiCaprio ဟာဆိုရင် ကလေးဘဝတုန်းက ဘာမှမရှိတဲ့ ဘဝကိုပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အမေဟာဆိုရင် မိသားစုကို ထောက်ပံ့နိုင်ဖို့ အလုပ်ပေါင်းများစွာကို လုပ်ခဲ့ရပါတယ်။ အထက်တန်းကျောင်းက အောင်လက်မှတ်ရခဲ့ပြီး အသက်ငယ်ရွယ်စဉ်ကတည်းက သရုပ်ဆောင် လုပ်ခဲ့ပါတယ်။
အသက် ၁၄နှစ်မှာ Matchbox အရုပ်ကား ကြော်ငြာအတွက် ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာသန်း၂၀၀နီးပါး ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။